October 19, 2024

၁၃. ၇. ၂၀၂၃
Written By Thandar

ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာရေးဦးစီးဌာန ပညာရှင် အဆင့် (၄) ဦးစီးအရာရှိ ရာထူးတိုးပေးသည့် ကိစ္စနှင့် ပတ်သက်၍ ဇနီးသည်၏ ရာထူးတိုးနစ်နာမှုအတွက် နိုင်ငံတော်ကို စာတင်ခဲ့သူ လူရွှင်တော် စတားကောင်းထက်က ၎င်း၏ ဇနီးသည်ကဲ့သို အခြားနစ်နာနေရသူ နိုင်ငံဝန်ထမ်းများလည်း ရှိနေကြောင်း MT News သို့ ပြောသည်။

စတားကောင်းထက်သည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၅ ရက် နေ့စွဲဖြင့် စာတင်ခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် စစ်ဆေးနေသည့် အခြေအနေဟု သိရကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ကျွန်တော့် အမျိုးသမီးလို နစ်နာသူတွေလည်း ရှိတာပဲ အများကြီးပါပဲ။ အခုလိုချင်တာက ကျွန်တော့်မိန်းမ တစ်ယောက်ထဲအတွက် မဟုတ်ဘူး။ အားလုံးအတွက် လုပ်တာပါ”ဟု ဟာသ သရုပ်ဆောင် (ဟားစတိုင်လ် လူရွှင်တော်အဖွဲ့)က စတားကောင်းထက်က MT News ကိုပြောသည်။

လူရွှင်တော် စတားကောင်းထက်၏ ဇနီးဖြစ်သူ ဒေါ်အေးမို့မို့ဇော်သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)၊ နည်းပြ (ကွန်ပျူတာ/ICT) ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ၎င်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ချမှတ်ထားသောစည်းကမ်းနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၁ ခုနှစ်၊ မေလ(၂၂/၂၃)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရှင်အဆင့်(၄) ဦးစီးအရာရှိစာမေးပွဲအား ဖြေဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူသည် လသာမြိုနယ်ရှိ အထက(၂) ကျောင်းတွင် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ပညာရှင်အဆင့် (၄) ဦးစီးအရာရှိရာထူးတိုးများ အခြေခံပညာဦးစီးဌာနမှ ထွက်ရှိခဲ့ကြောင်း၊ ဇနီးသည် ရာထူးတိုးစာမေးပွဲအောင်မြင်သော်လည်း မူမကိုက်ဟူသော အကြောင်းပြချက်ဖြင့်ရာ ထူးတိုးပေးခြင်း မရှိဘဲ ရာထူးတိုးစာမေးပွဲခေါ်စာတွင်လည်း သတ်မှတ်သောမူရှိနေကြောင်း၊ ၎င်းမှုဖြင့်ကိုက်ညီမှသာ ဖြေဆိုခွင့်ရှိသည်ဟုဆိုကာ မူမကိုက်ဟူသောအကြောင်းပြချက်ဖြင့် ပညာရှင်အဆင့်(၄)ဦးစီးအရာရှိ ရာထူးတိုးပေးမှုသည် ကွက်ကြားမိုးရွာသကဲ့သို့ ရာထူး တိုးပေးခြင်းကြောင့် ပညာရေးဝန်ထမ်းအချင်းချင်း စိတ်အားငယ်မှုများ၊ စိတ်ဝမ်းကွဲမှုများဖြစ်ပေါ် ခဲ့ကြောင်း စာတွင် ၎င်းက ရေးထားသည်။

ဇနီးဖြစ်သူ၏ မိခင်ပညာရေးဝန်ကြီးဌာနမှ ထိုဖြစ်စဉ်အား အရေးတယူ ဆောင်ရွက်ညှိနှိင်းပေးခြင်း မရှိသည့်အတွက် ယခုလိုတင်ပြတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပေးချင်သူအား မူကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ ရာထူးတိုးပေးပြီး မပေးချင်သူများအား ပွင့်လင်းမြင်သာမရှိဘဲ မည်သည့် မူမှန်းမသိဖြင့် ချန်လှပ်ထားခြင်းခံရကြောင်း ၎င်း၏ စာတွင် ဖော်ပြထားသည်။

“ခုလိုတိုင်လိုက်လို့ ကျွန်တော့်မိန်းမတစ်ယောက်ထဲ ရာထူးတိုးပြီး နှစ်သိမ့်ပေးရုံနဲ့မယူဘူး။ ကျွန်တော့်မိန်းမလို နစ်နာတဲ့သူတွေ ရန်ကုန်တိုင်းမှာလည်း ၄ ယောက်လောက်ရှိတယ်။ နယ်တွေမှာလည်း အများကြီးပါပဲ။ အောင်ပြီးသားသူ ၆၀ လောက်ရှိတယ်။ သူတို့တွေပဲ ရာထူးတိုးပေးစေချင်တယ်။ စာမေးပွဲကျလို ရာထူးတိုးခိုင်းတာ မဟုတ်ဘူး။ အောင်ပြီးသားမို့ ရာထူးတိုးခိုင်းတာပါ။ ရာထူးတိုးဌာနက ဦးစီးဌာနလာညှိရင် ပေးမယ်လို့ပြောပြီးသားပါ။ သူတို့လုပ်ချင်တာ လုပ်နေကြတာပါ”ဟု စတားကောင်းထက်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *