October 18, 2024

ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဆန္ဒပြနေကြသော MFP ပါတီထောက်ခံသူများအား ဘန်ကောက်မြို့တွင် ဇူလိုင်လ ၁၂ ရက်က တွေ့ရစဉ်

အသေအကြေ အားပြိုင်တိုက်ခိုက်မှုများကြားက ထိုင်းနိုင်ငံရေးက မည်သည်ကို ဦးတည်မည်နည်း

၁၃. ၇. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ပါလီမန်မှာ နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်နေရာအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေရဲ့ ပူးတွဲမဲ‌ရွေးချယ်ပွဲကို ဇူလိုင်လ ၁၃ ရက်(ဒီနေ့)မှာပဲ ကျင်းပတော့မယ့်အချိန်မတိုင်ခင် ၂၄ နာရီအတွင်းမှာပဲ Move Forward Party (MFP) ရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရွန်းနတ်ဟာ iTV မီဒီယာကုမ္ပဏီရဲ့အစုရှယ်ယာတွေကို ပိုင်ဆိုင်တာကြောင့် စည်းကမ်းနှင့်မညီညွတ်လို့ ဝန်ကြီးချုပ် တာဝန်ကပိတ်ပင်ဖို့ လုပ်ငန်းစဉ်ကို ရွေးကောက်ပွဲကော်မရှင်က တွန်းအားပေးဆောင်ရွက်ခဲ့တယ်လို့ ယူဆရတဲ့ဖြစ်ရပ်တွေက ပေါ်ပေါက်လာခဲ့ပါတယ်။

ညွန့်ပေါင်းမဟာမိတ်အဖွဲ့မှာပါဝင်တဲ့ ရှစ်ပါတီရဲ့ ထောက်ခံမှုကိုရယူထားတဲ့ ပီတာက MFP ပါတီရဲ့ ဝန်ကြီးချုပ်ရာထူးကို အဆိုပြုထားတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။ ပီတာအနေနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရနိုင်ဖို့က လက်ရှိကာလအထိတော့ ထောက်ခံမဲ ၆၄ မဲရဖို့လိုနေပါတယ်။ သို့ပေမယ့် ပူးတွဲရွေးချယ်ပွဲကျင်းပတော့မယ့် ဒီနေ့မှာ ဝန်ကြီးချုပ်ဖြစ်ဖို့ ပီတာရဲ့ကြိုးစားချက်ကို ထိုးနှက်ဆန့်ကျင်ခံရမှုကြီးဖြစ်ပေတော့မယ်ဆိုတာ ယုံကြည်နေရပါပြီ။

ဇူလိုင်လ ၁၂ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ပီတာ့အနေနဲ့ မီဒီယာအစုရှယ်ယာတွေပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စမှာ စုံစမ်းတွေ့ရှိချက်ကို ဖွဲစည်းပုံအခြေခံဥပဒေခုံရုံးဆီ ဆက်လက်ပေးပို့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ရွေးကောက်ပွဲကော်မရှင်က တစ်ပြိုင်တည်းမှာပဲ ခုံရုံးအနေနဲ့ ပီတာ့ကို ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်နိုင်ခွင့်ဆိုင်းငံ့ထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ပီတာ့အနေနဲ့ iTV မီဒီယာမှာ အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ခဲ့မှုကြောင့် သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စည်းမျဉ်းနဲ့မကိုက်ညီတာ သိပါရက်နဲ့ မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာပါဝင်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေအရ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူတစ်ဦးအနေနဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေပိုင်ဆိုင်နေခဲ့ရင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှာပါ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်မှာ ပီတာ့အနေနဲ့ iTV မီဒီယာမှာ အစုရှယ်ယာတွေပိုင်ဆိုင်ခဲ့မှုကို အတည် ပြုဖို့လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအမှုကို ဖွဲ့စည်းပုံခုံရုံးကိုလည်း ဇူလိုင်လ ၁၂ ရက်ညနေမှာ တင်လိုက်ပြီဆိုတော့ ၂၄ နာရီအတွင်း ဝန်ကြီးချုပ်ဖြစ်လာဖို့ မျှော်လင့်နေတဲ့ ပီတာ့အဖို့တော့ အကြီးမားဆုံးထိုးနှက်မှုဖြစ်ခဲ့ရတာပါပဲ။

ပီတာနဲ့ သူ့ရဲ့ MFP ပါတီတို့ကတော့ ရွေးကောက်ပွဲကော်မရှင်အပေါ် ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။ ပီတာကလည်း “အထက်လွှတ်တော်အနေနဲ့တော့ ဝန်ကြီးချုပ်တစ်ဦးရဲ့ ကဏ္ဍနဲ့တာဝန်ကို နားလည်နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါ့ပြင် ဒီစွပ်စွဲချက်တွေမှာ အစုရှယ်ယာတွေကို ပိုင်ဆိုင်ခဲ့တဲ့အချိန်ကို အတိအကျပြောမထားပါဘူး။ ကျွန်တော်က ရှယ်ယာတွေကို လုပ်ငန်းဆောင်ရွက်တဲ့ အမှုဆောင်တစ်ဦးအနေနဲ့သာပိုင်ဆိုင်တာပါ။ ဝန်ကြီးချုပ်လောင်းလျှောက်ရာမှာ ကျွန်တော့်အရည်အချင်းကိုထိခိုက်ဖို့ တစ်စုံတစ်ရာမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

ပီတာက ဒီနေ့ ဇူလိုင်လ ၁၃ ရက်၊ ထိုင်းစံတော်ချိန် ညနေ ၅ နာရီမှာ ကျင်းပမယ့် နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်နေရာအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေရဲ့ ပူးတွဲမဲ‌ရွေးချယ်ပွဲကို တက်ရောက်ပြီး သူ့ရဲ့မျှော်မှန်းချက်ကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဇူလိုင်လ ၁၂ ရက်ဆုံးဖြတ်ချက်ကြောင့် MFP ထောက်ခံသူတွေရဲ့ဆန္ဒပြမှုတွေက ဘန်ကောက်၊ ဆူရင်၊ ယူဘုန် ရတ်ချာသာနီနဲ့ နာခွန်ရတ်ချာဆီမာတို့အပါအဝင် ပြည်နယ်အတော်များများမှာ ဖြစ်ပေါ်စေခဲ့ပါတယ်။

မတည်မငြိမ် တိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မှာ နိုင်ငံ့ဝန်ကြီးချုပ်အသစ်ကို ဇူလိုင်လ ၁၃ ရက်မှာရွေးချယ်နိုင် ကြပါ့မလား။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကရော ရွေးကောက်ပွဲကော်မရှင်ရဲ့ တင်ပြချက်တွေကို ဘယ်လိုဆုံးဖြတ်မလဲ၊ အခုလိုအသေအကြေတိုက်ခိုက်မှုတွေအတွင်း ထိုင်းနိုင်ငံရေးက ဘယ်လိုပြောင်းလဲလာမလဲ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

Ref-Bangkok Post

ပုံစာ။ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဆန္ဒပြနေကြသော MFP ပါတီထောက်ခံသူများအား ဘန်ကောက်မြို့တွင် ဇူလိုင်လ ၁၂ ရက်ကတွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *