October 18, 2024

၁၃. ၇. ၂၀၂၃
Written by Peya

ရခိုင်တွင် မိုခါကြောင့် လုံးဝ ပျက်စီးသွားသည့် စာသင်ကျောင်းများ၌ စာသင်ခြင်းနှင့် မုန်တိုင်ခိုခြင်း နှစ်မျိုး အသုံးပြုနိုင်မည့် School Shelter ကျောင်းဆောင် ထည့်သွင်း တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ကျောင်းပေါင်း ၈၀၀ ခန့် ပျက်စီးခဲ့ရာတွင် တစ်ဝက်တစ်ပျက် ပျက်စီးခြင်း၊ အမိုးလန်ခြင်းနှင့် လုံးဝ ပျက်စီးသွားခြင်းတို့ ရှိကာ လုံးဝပျက်စီးသွားသည့် ကျောင်းများတွင် ယာယီ စာသင်ကျောင်းလုပ်ထားကာ School Shelter ထည့်သွင်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

“School Shelter ဆိုတာက ခြေတံရှည်ပေါ့။ Cyclone Shelter လိုပေါ့။ သံကူကွန်ကရစ် အဆောက်အအုံလေ။ ကျောင်းလည်းတက်မယ်။ Cyclone Shelter အဖြစ်လည်း သုံးမယ်ပေါ့။ လုံးဝ ပျက်သွားတဲ့ ကျောင်းက ၁၀၀ လောက် ရှိမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က အလားတူမျိုး ရှိသော်လည်း School Shelter ဟု သတ်သတ်မှတ်မှတ် အမည်ပေး ခေါ်ဝေါ်ကာ တည်ဆောက်ခြင်းမှာ ရခိုင်ပြည်နယ်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်းလည်းသိရသည်ဟု ၎င်းက ဆိုသည်။

“ရေကော လေကောကို ကာကွယ်ပေးမယ်။ ရွာကလည်း သုံးလို့ ရအောင် အခုလို ဆောက်မှာပေါ့။ မူလတန်းလည်း ပါတယ်။ အလယ်တန်းလည်း ပါတယ်။ အထက်တန်းလည်း ပါတယ်။ ကျောင်းဆိုတာထက် ကျောင်းဆောင်ပေါ့”ဟု ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *