၁၃. ၇. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က လမ်းမတွေပေါ်မှာ လူတွေဆီက အကြွေတွေ နေ့စဉ်တောင်းရမ်းတတ်တဲ့ အိန္ဒိယ အမျိုးသားတစ်ဦးဟာ အခုဆိုရင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရှိလာခဲ့ပြီး အိန္ဒိယမီဒီယာတွေက “ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား” လို့ ဖော်ပြခဲ့ကြပါတယ်။
အိန္ဒိယမှာ လူတွေဟာ တစ်ရက်ကို ရူပီး ရာဂဏန်းရဖို့ နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြပေမဲ့ ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား Bharat Jain ကတော့ စေတနာရှင်တွေဆီကနေ နေ့စဉ် ရူပီး ၂,၀၀၀ ကနေ ၂,၅၀၀ ကြား ( မြန်မာငွေနဲ့ဆို ကျပ် ၇ သောင်းနီးပါး) ရရှိတယ်လို့ သိရပါတယ်။ Bharat Jain ဟာ မီးရထားဘူတာတွေနဲ့ လူစည်ပြီး အလုပ်များတဲ့ မွမ်ဘိုင်းမြို့က နေရာတွေမှာ တောင်းရမ်းစားသောက်နေတာဟာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး အဲ့ဒီကနေ ကြွယ်ဝချမ်းသာလာခဲ့တာပါ။
သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင်ရှိပြီး မွမ်ဘိုင်းမြို့မှာ ရူပီးငွေ ၁ ဒသမ ၂ ကုဋေတန်ဖိုးရှိတဲ့ အိပ်ခန်း ၂ ခန်းနဲ့ Thane မြို့မှာ တစ်လကို ရူပီး ၃၀၀၀၀ နဲ့ ပြန်လည် ငှားရမ်းထားတဲ့ ဆိုင်ခန်းနှစ်ခန်းလည်း ပါဝင်ပါတယ်။
သူ့ရဲ့လစဉ်ဝင်ငွေဟာ ရူပီး ၆သောင်းနဲ့ ၇ သောင်းခွဲ (အမေရိကန်ဒေါ်လာ ၉၀၀ ဝန်းကျင်) ကြားရှိတယ်လို့ ခန့်မှန်းရပြီး အိန္ဒိယက အခြားအလုပ်ရှင်တွေထက်တောင် သူ့လစာက ပိုများနေသေးတာပါ။
သူဟာ အတန်းပညာရေးကို သင်ယူဖို့ မတတ်နိုင်ခဲ့တာကြောင့် အသက်မွေးဝမ်းကြောင်းအတွက် တောင်းရမ်းစားသောက်ခဲ့တာဖြစ်ပြီး သူရဲ့ သားသမီးတွေကတော့ အခုဆိုရင် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုက သူ့ကို တောင်းရမ်းစားသောက်တာကို ရပ်တန့်ဖို့ အဆက်မပြတ် အကြံပေးနေပေမဲ့လည်း သူက နေ့တိုင်း လမ်းမတွေပေါ်မှာ တောင်းရမ်းနေတုန်းပဲ ဖြစ်ပါတယ်။
Ref; Oddity Central