၁၂.၇.၂၀၂၃
Written By Thandar
မကြာခင်ကျင်းပမယ့် Miss Universe Myanmar 2023 ပြိုင်ပွဲကြီးမှာ မော်လမြိုင်ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe Mawlamyine 2023 အလှမယ် ဒီးက မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်မှီတဲ့ အမျိုးသမီးတွေရှိတာကို နိုင်ငံတကာ စင်မြင့်ထက်မှာ သက်သေပြချင်တယ်လို့ ဖွင့်ဟလာပါတယ်။
“တကယ်လို့ ဒီးသာ Miss Universe Myanmar ဆိုတဲ့ ဆုကိုရခဲ့ရင် ဒီးရဲ့အနောက်မှာရှိတဲ့ အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေမှာပေါ့နော်။ အမျိုးသမီးတိုင်းက ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်တယ်ဆိုတဲ့ ပရောဂျက်လေးနဲ့အတူ အမျိုးသမီးတိုင်းအတွက် ဒီးလုပ်နိုင်တဲ့အရာကို လုပ်သွားမယ်။ မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်မှီတဲ့ အမျိုးသမီးတွေ ရှိတာကို နိုင်ငံတကာစင်မြင့်မှာ သက်သေပြချင်တယ်”လို့ အလှမယ် ဒီး (Dee)က ပြောပါတယ်။
သူမဟာ မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားနေသူ မော်ဒယ်တစ်ဦးကနေ အလှမယ်လောကထဲ ဝင်ရောက်လာသူဖြစ်ပြီး မတူညီတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့အတွက် အသိပညာပိုင်း၊ အလှအပ၊ အမူအကျင့်၊ ဗဟုသုတပိုင်းဆိုင်ရာမှာ ပြည့်စုံစေဖိုအတွက် များစွာကြိုးစားနေလျှက်ရှိတယ်လို သိရပါတယ်။
အလှမယ် ဒီးက လက်ရှိမှာလည်း ထိုင်းနိုင်ငံက နာမည်ကျော် Beauty Queen တစ်ဦးဖြစ်တဲ့ Miss Universe Thailand ရဲ့ Manager & Runway coach လည်းဖြစ်တဲ့ ” Punika Polfah ” နဲ့အတူ Catwalk Training ယူနေပြီလည်း ဖြစ်ပါတယ်။
“ဒီးကို ပံ့ပိုးပေးနေတဲ့သူတွေ အများကြီးရှိတယ်။ မိဘတွေကအစ သူငယ်ချင်းတွေအကုန်လုံးက ပံ့ပိုးပေးကြတယ်။ ကိုချာလီဆိုရင် သူကိုယ်တိုင် ပြိုင်နေသလိုပါပဲ။ ဒီးကို လိုအပ်တဲ့အရာလေးတွေကို ပြည့်စုံအောင် နည်းပြပေးတယ်။ ပြိုင်ပွဲတောက်လျောက်ပံ့ပိုးပေးတယ်။ ကြိုးစားဖို့အတွက် စကားနဲ့နေ့တိုင်းပြောပေးတယ်။ ဒီး မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်မှာ သူ က လုပ်နိုင်တယ်ဆိုတာကို ခွန်အားဖြစ်စေတဲ့ စကားတွေအားပေးတယ်။ ဒီး မော်ဒယ်တစ်ယောက်အနေနဲ့ ဖြတ်သန်းတုန်းက ပေါ့ပေါ့ပါးပါးလေးပဲ။ ကာရိုက်တာ တစ်ခုတည်ဆောက်တယ်။ ကြိုက်သလိုနေလို့ ရတယ်။ အလှမယ်တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်တဲ့အချိန်မှာဆိုရင် ဒီးမှာ ဘာမှမရှိတော့ဘူး။ အသိပညာပိုင်း၊ အလှအပ၊ အမူအကျင့်၊ ဗဟုသုတပိုင်းဆိုင်ရာ ပြည့်စုံဖို့ အများကြီး ပြင်ဆင်ရတယ်။ အခုလည်း ပြင်ဆင်နေပါတယ်။ လေ့ကျင့်တာတွေလည်း အများကြီး လုပ်နေပါတယ်။ ဒီး အရမ်းစိတ်နှစ်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ကြိုးစားထားတာနဲ့ တန်တဲ့ရလဒ် တစ်ခုရရင် ကျေနပ်မိမှာပါ”လို့ သူမကဆက်ပြောပါတယ်။
Miss Universe Myanmar 2023 ပြိုင်ပွဲကြီးကို စက်တင်ဘာလအတွင်းမှာ ၁၀ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်မှာဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ကိုယ်စားပြုအလှမယ် အသီးသီးကရွေးချယ်ထားတဲ့ City Winner အလှမယ် ၃၅ ဦးကလည်း ဝင် ရောက်ယှဥ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။