၁၂.၇.၂၀၂၃
Written By Thandar
လူငယ်တစ်ယောက်လို အရွယ်တင်နေတဲ့ အကယ်ဒမီမင်းဦးကတော့ သရုပ်ဆောင်ပိုင်းအပြင် ဒါရိုက်တာပိုင်းလည်း လုပ် ဆောင်နေသူဖြစ်တာမို့ ကိုယ့်ရဲ့ ဇာတ်ကားဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာ အာမခံရဲပေမယ့် ပရိသတ်မကြည့်မှာဘဲ စိုးရိမ်တာ စိတ်ပူတာရှိတယ်လို့ ဆိုပါတယ်။
“အောင်ခေတ်မင်း ထုတ်လုပ်ရေးနဲ့ အစ်ကို ရိုက်ထားတဲ့ ကားရှိတယ်။ ရိုက်ထားတာ နည်းနည်းတော့ ကြာသွားပြီ။ ၂၀၁၉ ခုနှစ်ထဲက ကားပါ။ ဇာတ်လမ်းကျတော့ ၂၀၁၉ ခုနှစ်ကို ရည်ရွယ်ပြီး ရိုက်ထားတာတော့ မဟုတ်ဘူး။ ကိုယ်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတယ်။ သရုပ်ဆောင်ဆိုရင်တော့ ကိုယ့်လုပ်ရမယ့် ကာရိုက်တာကိုပဲ သွားရတယ်။ ဒါရိုက်တာတစ်ယောက်နဲ့ ကိုယ်ဖန်တီးရတဲ့ လက်ရာဆိုတော့ ဇာတ်ကားမထွက်မချင် မပြီးတော့ဘူး”လို့ အကယ်ဒမီမင်းဦးက ပြောပါတယ်။
အကယ်ဒမီ မင်းဦး ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေက ချူဆီ၊ ကိုယ်ပွား၊ အဆိပ်၊ မျက်နှာဖုံးများစတဲ့ ဇာတ်ကားတွေ ရိုက်ကူးထားသလို နောက်ထပ် ဇာတ်ကား သုံးကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပရိသတ်က သူ့ကို “အမုန်း” ဇာတ်လမ်းတွဲမှာ စပွန်ဆာအကိုကြီး ဦးဝေဇင်ဆိုပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲများစွာမှာလည်း မင်းဦးရဲ့ သရုပ်ဆောင်မှုအပေါ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိနေဆဲဖြစ်ပါတယ်။
“Actor တစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေအပေါ် Update မဖြစ်မှာလည်း စိတ်မပူဘူး။ ဖက်ရှင်ပိုင်းတွေ ခေတ်ပေါ် ဇာတ်လမ်းကိုလည်း ရိုက်ထားတာ မဟုတ်ဘူး။ စိတ်မပူဘူး။ ကိုယ်ရဲ့ဇာတ်ကား ဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာ အာမခံရဲပေမယ့် ပရိသတ်မကြည့်မှာဘဲ စိုးရိမ်တာ။ စိတ်ပူတာရှိတယ်။ ကျန်တာက အစ်ကိုဇာတ်လမ်းကို ဘယ်လောက် ကြိုးစားထားလဲ ဝင်ကြည့်ရင်သိမှာပဲ။ သူများတွေနဲ့ မတူအောင် ကြိုးစားထားတယ်လို့ အာမခံတယ်”လို့ သူက ဆက်ပြောပါတယ်။