October 18, 2024

ဓာတ်ပုံ- နယ်လှည့်ကုသိုလ်ပြု နှလုံးလှ ဆရာဝန်များ အဖွဲ့

၁၂. ၇. ၂၀၂၃
Written by Hey Mar

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ (ညောင်တုန်းဘက် ချဥ်းကပ်လမ်းအဆင်း) ဇူလိုင်လ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်ခန့်က ပရိုဘောက်ယာဥ်တစ်စီး ပေ ၃၀ ခန့်ဇောက်ရှိတဲ့ချောက်ထဲ ပြုတ်ကျတိမ်းမှောက်ခဲ့တာကြောင့် ယာဥ်ပေါ်ပါသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ပရိုဘောက်အဖြူရောင်ယာဥ်က ရန်ကုန်ဘက်ကနေ ညောင်တုန်းဘက်ကို အလာ၊ ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ လမ်းရဲ့ဘယ်ဘက် ဖြူနီကြားအုတ်တိုင်တွေကို ဝင်တိုက်ပြီး ချောက်ထဲ ထိုးကျခဲ့တာပါ။

နယ်လှည့် ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူက “ကျွန်တော်တို့ကားက ရန်ကုန်ဘက်ကိုအတက် သူတို့ကားက ရန်ကုန်ကနေ ဆင်းလာတာ။ မျက်စိရှေ့တင်ဖြစ်တာပါ။ ကျွန်တော်ထင်တာတော့ ယာဥ်မောင်း အိပ်ငိုက်သွားတယ် ထင်ပါတယ်။ ကံကောင်းတာက ယာဥ်မောင်း ဘာမှကြီးကြီးမားမားမဖြစ်တာဘဲ။ ယာဥ်နောက်ခန်းမှာ ထိုင်လိုက်လာတဲ့ အမျိုးသမီးနှစ်ဦးကတော့ တစ်ဦးက လည်ပင်းထိတယ်။ တစ်ဦးက ရင်ဘတ် ရင်ညွန့်ထိထားတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ချက်ချင်းရောက်လာတာနဲ့ အမြန်ဆွဲထုတ်ပြီး ညောင်တုန်းမြို့ခံ ပရဟိတအဖွဲ့ရဲ့ ကားနဲ့ပဲ ဆေးရုံပို့ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားတဲ့ကားဟာ ဆေးကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေရဲ့ အရောင်းကားဖြစ်ပြီး၊ ပက်လက်လန်သွားတဲ့ ကားကို ဒေသခံတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ အကူအညီနဲ့ ပြန်လည်တည့်မတ်ကာ လမ်းပေါ်သို့ တံတားဘေး ချဥ်းကပ်လမ်းကနေ ပြန်လည်တွန်းတင်တာမျိုးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *