October 18, 2024

၁၂.၇.၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာလှည့်ခရီးသွားများ လိုက်ပါလာသော ရဟတ်ယာဉ်တစ်စီးက ဧဝရက်တောင်အနီး၌ ဇူလိုင်လ ၁၁ ရက်က မြေပြင်မှပျံတက်ပြီး မကြာမီ ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသော လူ‌ ခြောက်ဦးစလုံး သေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။

Manang Air လေကြောင်းလိုင်းမှ အဆိုပါရဟတ်ယာဉ်က ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရက်တောင်သို့တက်ရောက်သည့် တောင်တက်အဖွဲ့များအတွက် တောင်တက်ရန် စတင်စခန်းချရာ လပ်က်လာမြို့မှ မြို့တော် ခတ္တမန္ဒူသို့ ပြန်လည်၍ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ၎င်းကမြေပြင်မှ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄ မိနစ်တွင် ပျံတက်အပြီး ၁၀ မိနစ်အကြာ၌ အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်က လာမာဂျူရာနယ်မြေအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး နီပေါလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပျက်ကျရဟတ်ယာဉ်မှ သေဆုံးနေသော လူခြောက်ဦးတွေ့ရကြောင်း ပြောခဲ့သည်။ ခရီးသည် ကမ္ဘာလှည့်ခရီးသွားငါးဦးမှာ မက္ကဆီကိုနိုင်ငံသားများဖြစ်ကြပြီး ရဟတ်ယာဉ်မှူးမှာ နီပေါနိုင်ငံသားဖြစ်ကြောင်း၊ မက္ကဆီကို ကမ္ဘာလှည့်ခရီးသွားငါးဦးက မိသားစုတစ်စုထဲမှဖြစ်ကြကြောင်း သတင်းများကဖော်ပြခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ ရှင်းလင်းသေချာစွာမသိရသေးဟု ဆိုသည်။

နီပေါနိုင်ငံအတွင်း လေဆိပ်အများစုက အစွန်အဖျားဒေသများတွင်ရှိကြကာ လေယာဉ်အဆင်းအတက်ခက်ခဲသော လေယာဉ်ပြေးလမ်းများရှိထားကြပြီး လေဆိပ်အများစုမှာ တောင်တန်းကြီးများ ဝန်းရံတည်ရှိနေ၍ လေယာဉ်မှူးများအတွက် စိန်ခေါ်မှုများသဖွယ်ဖြစ်နေရသည်။ ထို့ပြင် ရာသီဥတုကလည်း ရုတ်တရက် ပြောင်းလဲမှုမျိုးဖြစ်တတ်သေးသည်။

Ref- AP, Torizone

Leave a Reply

Your email address will not be published. Required fields are marked *