၁၂.၇.၂၀၂၃
Written By Thandar
ဂီတလောကမှာ အခွေမထွက်တာ ဆယ်စုနှစ် ၂ ခုကျော်ခဲ့ပေမယ့် ပြည်ပရောက် တေးရေး တေးဆို ရာဒုတ်ရဲ့ ဂီတကိုချစ်မြတ်နိုးတဲ့စိတ်ကြောင့် ဒုတိယတစ်ကိုယ်တော်ခွေ “ဘဝစာမျက်နှာ” Album ထွက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့ MT News ကို ပြောပါတယ်။
“ခုခွေက အစ်ကိုရဲ့ ဒုတိယမြောက်ခွေလေးပါ။ အစ်ကိုတို့အရွယ်နဲ့ လိုက်ဖက်တဲ့အကြောင်းလေးတွေလည်း ပါတယ်။ ဘဝမှာကြုံလာရတဲ့ အခက်ခဲတွေ ပျော်ရွှင်မူ ဝမ်းနည်းမှုတွေပါသလို အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို အမျိုးမျိုးဖော်ကျူးထားတဲ့ သီချင်းလေးတွေ ပါပါတယ်။ ဒီခွေကို မျော်လင့်ချက်တော့ မရှိပါဘူး။ ဂီတကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ဒီခွေလေးကို စီစဥ်ဖြစ်တာပါ။ အစ်ကို မပြီးပြတ်သေးတဲ့ ဝါသနာတစ်ခုကို အဆုံးသတ်တဲ့သဘောနဲ့ ခွေလေးထုတ်ဖြစ်တာပါ။ အစ်ကို့ရဲ့ ကိုယ်တိုင်ရေး သီချင်းတစ်ပုဒ် ဒီခွေမှာထည့်ထားပါတယ်”လို့ တေးသံရှင် ရာဒုတ်က MT News ကို ပြောပါတယ်။
အဆိုပါ တေးသီချင်းခွေမှာ တေးသီချင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်ပြီး တေးရေးအနေနဲ့ ညီညီသွင်၊ ကောင်းဆက်၊ ကျော်စွာညွန့်၊ ဇဝါ၊ ကိုပေါက် (အိန်ဂျယ်တယော) နဲ့ ရာဒုတ်တို့က ရေးသားထားပါတယ်။
ဒီခွေမှာ ကိုယ်ပိုင်သံစဥ်သစ် ၉ ပုဒ်နဲ့ တေးသီချင်းအဟောင်းထဲက “တေလေမလေး” နဲ့ “မျက်ဝန်းအဓိပ္ပာယ်” စုံတွဲသီချင်းလေးကို တေးသံရှင် လားဒင့်ထားရီနဲ့ အတူဆိုထားလေးပြန်ထည့်ထားတယ်။ Rock ဂီတအမျိုးအစားတွေ ပါဝင်ပြီး Immortal Band နဲ့တီးထားတယ်လို့ သိရပါတယ်။
တေးသံရှင် ရာဒုတ်ရဲ့ ဘဝစာမျက်နှာ တစ်ကိုယ်တော်ခွေကို မကြာမီကာလမှာတော့ မာစတာတေးသံသွင်းကနေ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ သူရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ “ဝဋ်ကြွေးရဲ့ တံခါးတစ်ချပ်” သီချင်းခွေကို ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ တတိယမြောက် စုံတွဲသီချင်းခွေကိုလည်း ထွက်ရှိဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။