MT News
Written by Nyein Kyaw
မီတာခကြွေးကျန် လေးလနှင့်အထက်ကျန်ရှိသည့် မီတာများနှင့် သုညယူနစ် ခြောက်လဆက်တိုက်ဖြင့် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသည့်မီတာများ လာမည့် ဩဂုတ်လကုန်တွင် ကြွေးကျန်အားလုံး ပေးသွင်းရန်နှင့် ပေးသွင်းခြင်းမရှိသည့်မီတာများကို အပြီးဖြုတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ဖြုတ်သိမ်းခံရသည့် မီတာများ ကြွေးကျန်လာရောက်ပေးဆောင်ပါက အခြေခံအဆောက်အဦကြေး ထပ်မံပေးသွင်းပြီးမှသာ မီတာအသစ်ပြန်လည်တပ်ဆင်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ကြောင့် တန်ဖိုးနည်းအိမ်ရာများ၊ စက်မှုလုပ်ငန်းသုံး CT မီတာများ၊ ရပ်ကွက်နှင့် ကျေးရွာအတွင်း တပ်ဆင်သုံးစွဲနေသော မီတာများသည် သုညယူနစ် ခြောက်လဆက်တိုက် မီတာဝန်ဆောင်ခကြွေးကျန်နှင့် ဓာတ်အားခကြွေးကျန် လေးလနှင့်အထက်ရှိသည့် မီတာများအနေဖြင့် လာမည့် ဩဂုတ်လနောက်ဆုံးထား၍ လာရောက်ပေးသွင်းရန်နှင့် ပေးသွင်းမှုမရှိသည့် မီတာများကို လာမည့် စက်တင်ဘာ ၁ ရက်မှစတင်ပြီး အပြီးဖြုတ်သိမ်းမည်ဖြစ်သည်။
“အဲဒါက ခရိုင်တွေမေးမှ ပိုသေချာမယ်။ ကျွန်တော်တို့က ဖြန့်ဖြူးရေးအပိုင်းပဲ တာဝန်ယူရတာဆိုတော့။ သက်ဆိုင်ရာ ခရိုင်တွေ၊ မြို့နယ်တွေကို မေးတာပိုသေချာမယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးမောင်မောင်သန့်ဇင်က ပြောသည်။