October 18, 2024

၁၁.၇.၂၀၂၃
Written By Thandar

အကယ်ဒမီများရှင် ဦးကျော်ဟိန်း (ခ) ဦးကိတ္တိသာရ (၃)နှစ်ပြည့် လွမ်းဆွတ်ခြင်း အမှတ်တရအဖြစ် ကျန်ရစ်တဲ့မိသားစုက အလှူ‌ငွေ ၈၅ သိန်းလှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးအတွင်းရှိ မင်းလမ်းစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

“ဆရာတော်ကြီး ချစ်ခင်ပြီး လက်တွဲအလုပ်လုပ်ကိုင်ခဲ့တဲ့ သူတွေကို ဦးကျော်ဟိန်းမရှိတော့နောက်မှာ သူ့မိသားစု ဆရာ တော် ချစ်ခင်ခဲ့သလိုပဲ ချစ်ပြီးတော့ သတိတရနဲ့ အလှူတွေ လုပ်ပေးခဲ့တာပါ။ ဆရာတော်ဦးကျော်ဟိန်းရဲ့မိသားစုက ခရီးလွန်နေလို့ ဦးအောင်ခိုင်ကို တစ်ဆင့်လှူဖို့ပြောခဲ့တာပါ။ ကိုလူချော ၆၄ ယောက်၊ ဦးကျော်ဟိန်းနဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ ၁၂ ယောက်၊ အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ကြီး ၉ ယောက်ကို နံနက်စာ ဧည့်ခံကျွေးမွေးပြီး အလှူငွေတစ်ဦးကို ကျပ်တစ်သိန်းဆီကန်တော့လှူဒါန်းခဲ့တာပါ” လို့ အကယ်ဒမီ ဝါဝါအောင်က MT News ကို ပြောပါတယ်။

ဒီအခမ်းအနားကို အကယ်ဒမီ ဦးအောင်ခိုင်ရဲ့ ကိုလူချောများအဖွဲ့က ဦးစီးပြီးကျင်းပခဲ့ရာ လက်ရှိ ကိုလူချော ၆၄ ဦး၊ စက်မှုလုပ်သား၊ ကင်မရာမန်းကြီးတွေဖြစ်တဲ့ ဦးကြည်၊ ဦးမြင့်ဆွေ၊ ဦးငွေစိုး၊ ဦးကျော်ညွှန့်၊ ဦးသန်းမြင့်ဆွေ စတဲ့ ၁၂ ဦး၊ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ နွဲနွဲစန်း၊ ဒေါ်မြတ်မွန်၊ ဒေါ်စန်းစန်းဝေ၊ ဒေါ်မတူး၊ မလုံးတင်၊ ဒေါ်ပုလဲ၊ ဒေါ်ဖြိုး၊ ဒေါ်နန်းခမ်းဝါ ၉ ဦးတို့ကိုလည်း နေ့လည်စာအာဟာရကို မင်းလမ်းစားသောက်ဆိုင်က ကျွေးမွေးခဲ့ပါတယ်။

“ဦးကျော်ဟိန်းနဲ့ တွဲရိုက်ခဲ့တဲ့ ဒီတိုင်းပဲ ကောင်းပါတယ်ဆိုတဲ့ မြန်မာ့အသံဇာတ်လမ်းလေးကတော့ အမှတ်တရပါပဲ။ အဲ့တုန်းက ဦးကျော်ဟိန်းက ဆိုက်ကားနင်းတဲ့သူ၊ ကိုယ်က ပဲပြုတ်သည်နေရာက သရုပ်ဆောင်ခဲ့ရတာက အမှတ်တရပါပဲ။ ဦးကျော်ဟိန်း ဆုံးသွားတာလည်း စိတ်ထဲတကယ်ကို မကောင်းဘူး။ သူနဲ့ တွဲရိုက်ခဲ့တဲ့ ဇာတ်ကားတွေကလည်း အများကြီးပါ။ ဦးဇင်းဘဝမှာလည်း ထိုင်ကန်တော့ခဲ့ဖူးတယ်။ တစ်ခေတ်မှာ တစ်ယောက်ပဲ ရှိနိုင်တဲ့ အနုပညာရှင်တစ်ယောက် အန်တီမတူးအနေနဲ့ လေးစားတယ်။ ချစ်လည်း ချစ်ပါတယ်။ သူ့မိသားစုကလည်း အခုလိုမျိုးပွဲမှာ အန်တီတူးတို့ကို တတ်နိုင်သလောက် ငွေကြေးနဲ့ ကန်တော့တာကိုလည်း သာဓုလည်း ခေါ်ပါတယ်”လို့ သရုပ်ဆောင် မတူးက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ အကယ်ဒမီများရှင် ဦးကျော်ဟိန်း (ခ) ဦးကိတ္တိသာရ (၃)နှစ်ပြည့် လွမ်းဆွတ်ခြင်းအမှတ်တရ စာအုပ်များ ဝေမျှခဲ့တယ်လို့ သိရပါတယ်။ အကယ်ဒမီများရှင် ဦးကျော်ဟိန်းရဲ့မိသားစု ဒေါ်ခင်သန်းနွယ်(ခ)မီးမီးက ဦးကျော်ဟိန်းနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ကြတဲ့ ရုပ်ရှင်လောကမှ ကိုလူချောအဖွဲ့ သက်ကြီးအနုပညာရှင်တွေကို စုစုပေါင်း ၈၅ ဦးကို တစ်ဦး ကျပ်တစ်သိန်းဆီ ကန်တော့ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *