October 18, 2024

ယနေ့တွင် တရားဟောနေသည့် မိုင်းဖုန်းဆရာတော်ကြီး

၁၁.၇.၂၀၂၃
Written by Peya

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံသို့ ဆေးဝါးကုသမှုခံယူရန် သွားရောက်ခဲ့ရသည့် မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး ယနေ့တွင် မိုင်းဖုန်း၌ တရားဟောကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က MT News သတင်းဌာနသို့ မိန့်ကြားသည်။

ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန်ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပြီး မဝင်မီ မနက်ပိုင်းက မှိုဆွမ်းဟင်း ဘုဉ်းပေးရာ ဂူအောင်းအဓိဌာန်ဝင်သွားသော်လည်း မူးဝေအော့အံသည့် ဝေဒနာခံစားခဲ့ရခြင်းဖြစ်ပြီး ၆ ရက်တိုင်တိုင် မှိုဆိပ်တက်သည့်ဝေဒနာ ခံစားခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၇ ရက်တွင် အစောင့်များသိစေရန် မောင်းတီးအချက်ပေးခဲ့ပြီးနောက် တပည့်များက ဝတ်ဖြည့်ကာ ဆေး ကုသမှုခံယူရန် တောင်းပန်လျှောက်ထားခဲ့ရကြောင်း၊ ယင်းနောက် မေလ ၈ ရက်တွင် ထိုင်းနိုင်ငံက Bangkok ဆေးရုံသို့ အချိန်မီ ပို့နိုင်ခဲ့ကာ ဆေးရုံတွင် တစ်ညတာဆေးကုသမှုခံယူ ကျိန်းစက်ပြီးနောက် ၉ ရက်နေ့တွင် ဆေးရုံကဆင်းကာ ဒါယကာတစ်ဦးအိမ်တွင် တစ်ညကျိန်းပြီး ၁၀ ရက်တွင် မိုင်းဖုန်းသို့ ပြန်ကြွခဲ့ခြင်း ဖြစ်သည်။

“(တရားဟောတာက) ဆရာတော်ရဲ့ ငယ်ဘဝဖြစ်စဉ်တွေကို ဟောတာပါ။ ကျန်းမာသွားပါပြီ။ ဆရာတော် နေကောင်းပါပြီ” ဟု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)က မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေးနှင့် ပတ်သက်၍ မိန့်ကြားသည်။

ဆရာတော်သည် ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် မိုင်းဖုန်း၌ ရှမ်းဘာသာဖြင့် တရားဟောခဲ့ခြင်းဖြစ်ကြောင်းလည်း သိရကာ ဆရာတော်ကြီးသည် မိုင်းဖုန်းတွင် ဆက်လက်အနားယူကာ အဓိဌာန်ဝင်မည်ဟု မိန့်ကြားထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *