October 18, 2024

ထိုင်းနိုင်ငံအတွင်း ဆန်ကြိတ်စက်ရုံတစ်ခုသို့ရောက်ရှိလာသော စပါးများကို တွေ့ရစဉ်

၁၁.၇.၂၀၂၃
Translated by Htwe Ko Tun

အယ်လ်နီညိုခေါ် အပူလှိုင်းဖြတ်သန်းမှုက အာရှတိုက်နိုင်ငံအများအပြားတွင် ကြုံတွေ့ခဲ့ရမှုကြောင့် စပါးစိုက်ခင်းများ ရေမလုံမလောက်ဖြစ်ကာ သီးနှံများထိခိုက်မည်ကိုစိုးရိမ်သော ဆန်တင်သွင်းသည့် နိုင်ငံများက အစုလိုက်အပြုံလိုက် ဝယ်ယူတင်သွင်း သိုလှောင်ထားကြခြင်းကြောင့် အာရှဒေသတွင် ဆန်ဈေးနှုန်းများက နှစ်ဆကျော်ခန့် ထိုးတက်လာခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့သည်။

ဒေသအတွင်း ဆန်ကွဲကြေမှုစံနှုန်းအဆင့်အားဖြင့် ၅ ရာခိုင်နှုန်းသာရှိခဲ့သော ထိုင်းနိုင်ငံ၏ဆန်များကလည်း လွန်ခဲ့သည့်လေးလအတွင်း ၁၅ ရာခိုင်နှုန်းခန့် စျေးနှုန်းမြင့်တက်လာကာ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၅  ရှိလာခဲ့သည်။ ၎င်းက ၂၀၂၁ ခုနှစ် မတ်လဆန်းမှစတင်၍ အမြင့်ဆုံးသောဈေးနှုန်းဟု ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း၏ အချက်အလက်များအရ သိရသည်။

ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ ချူကီးရတ် အိုဖါဝုန်ဆီက ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၏ ဒုတိယခြောက်လပိုင်းအတွင်း ဆန်တန်ချိန် လေးသန်းမှ ငါးသန်းအထိ တင်ပို့နိုင်ရန် အခွင့်အလမ်းရှိကြောင်း ပြောခဲ့သည်။ ပထမခြောက်လအတွင်းတွင်လည်း ထိုင်းနိုင်ငံက ဆန်တန်ချိန် ၄ ဒသမ ၁ သန်း တင်ပို့ခဲ့ပြီးဖြစ်သည်။

ဆန်တင်သွင်းသည့်နိုင်ငံများက ရာသီဥတုပြောင်းလဲမှုကိုစိုးရိမ်ကာ ဈေးကြီးပေး၍ပင် ဆန်တင်သွင်း သိုလှောင်မှုများပြုခဲ့ကြသည်။ ထို့ကြောင့်လည်း ဗီယက်နမ်နိုင်ငံဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း ဆန်တင်ပို့မှုက ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ဗီယက်နမ်နိုင်ငံမှဆန်ကို ဖိလစ်ပိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားတို့က တင်သွင်းလျက်ရှိသည်။

ထိုင်းနိုင်ငံဆန်တင်ပို့မှု သုတေသနလုပ်ငန်းမှ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဂျီရီမီ ဇွင်ဂါက “အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ ဆန်ကိုအများအပြားဝယ်နေကြတော့ ဆန်ဈေးကိုပိုတက်ဖို့ တွန်းအားပေးသလိုဖြစ်နေတော့တာပေါ့။ ကမ္ဘာ့ ဆန်ဝယ်ယူမှုကလည်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးထူးခြားခြားမြင့်တက်နေတယ်။ ဝယ်ယူသိုလှောင်မှုကလည်း ဒီနှစ်မှာစံချိန်တင်အောင်မြင့်လာတယ်။ ဒီတော့ အာရှဒေသအတွင်း ဆန်ဈေးနှုန်းကမြင့်တက်တော့တာပေါ့” ဟုပြောသွားခဲ့သည်။

မုတ်သုန်မိုးကြောင့် အိန္ဒိယနိုင်ငံအတွင်း စပါးခင်းများရေလွှမ်းမိုးခံရချိန်တွင် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုဖြစ်ပေါ်မည်ကို စိုးရိမ်ရသောခြိမ်းခြောက်မှုနှင့် ကြုံနေရသည်။ ထိုင်းအစိုးရကလည်း လယ်သမားများအား ယခုနှစ်တွင် ဆန်တစ်သီးသာစိုက်ရန်နှင့် သီးထပ်စိုက်ပျိုးမှုမပြုရန် ညွှန်ကြားထားသည်။

အယ်လ်နီညို ခေါ် ရာသီဥတုပြောင်းလဲမှုက ပစိဖိတ်ဒေသ၏ အပူပိုင်းဇုန်အတွင်း ခုနှစ်နှစ်ခန့်ကြာခဲ့ပြီးမှ ပထမအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း WMO ခေါ် ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ပြောခဲ့သည်။ ထို့ပြင် ၎င်းဖြစ်စဉ်က အရှေ့တောင်အာရှဒေသအတွင်း ခြောက်သွေ့ရေရှားမှု ဖြစ်လာနိုင်ကြောင်းလည်း ခန့် မှန်းကြသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *