၁၁. ၇. ၂၀၂၃
Written by Min Mahar
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF လေးဦးက နေအိမ်ထဲဝင်ကာ သေနတ်ဖြင့်ပစ်သတ်သွားမှု အောင်လံမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ (ယမန်နေ့)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်(သမ္ဘူလအခြေစိုက်) တပ်ကုန်းကျေးရွာတွင်နေထိုင်သည့် ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်အတွင်းရှိနေစဉ် PDF အဖွဲ့ဝင် ၄ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာကာ အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် တပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးသည် ညာဘက်ပါးကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာနံရိုးအောက်ဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ညာဘက်လက်တို့တွင် ကျည်ထိဒဏ်ရာ ၁ ချက်ရရှိပြီး သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အောင်လံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။