October 18, 2024

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ အား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင် နှင့်အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်မည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ဇူလိုင်လ ၁၁ ရက်က တွေ့ရစဉ်

၁၁.၇.၂၀၂၃
Translated by Htwe Ko Tun

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ၏နိုင်ငံရေး အခက်အခဲအခြေအနေက အစည်း အဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ရပ်ဟု မျှော်လင့်ရကြောင်း သိရသည်။

အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံ၏ အခက်အခဲအခြေအနေတွင် ပါဝင်ပတ်သက်နေသူများအားလုံးနှင့် အောင်မြင်စွာ ထိတွေ့ဆွေးနွေးမှုပြုနိုင်ခဲ့ကြောင်း ပြောခဲ့သည်။ သို့သော် အင်ဒိုနီးရှားအစိုးရအနေနှင့် ၎င်းထိတွေ့ဆွေးနွေးခဲ့သည်ဆိုသော အကြောင်းအရာအသေးစိတ်ကို အခြားသောအာဆီယံအဖွဲ့နိုင်ငံများသို အသိပေးပြောကြားမည်လော (သို့မဟုတ်) မြန်မာနိုင်ငံအစိုးရက အကြမ်းဖက်ဆောင်ရွက်မှုများပြုနေသည်ဟု ဒီမိုကရေစီလိုလားသည့်အင်အားစုများအမည်ခံအုပ်စုများ၏ စွပ်စွဲချက်များအပေါ် မည်သို့သော ဆောင်ရွက်ချက်များပြုမည်နည်းဆိုသည်တို့ကို မသိရသေးပေ။

ထို့ပြင် တောင်တရုတ်ပင်လယ်ဒေသအတွင်း ပိုင်နက်အငြင်းပွားမှုများကလည်း အာဆီယံနိုင်ငခြားရေးဝန်ကြီးများ၏ နှစ်ရက်ကြာအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ရပ်ဖြစ်လာမည်ဟု ဆိုသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးပွဲများကိုလည်း ဇူလိုင်လ ဒုတိယပတ် (ယခုရက်သတ္တပတ်) အကုန်ပိုင်းတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

အင်ဒိုနီးရှားက အာဆီယံအဖွဲ့၏ သဘောထားအတိုင်းဆက်လက်စောင့်ထိန်းကာ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက်ရန်ဖိတ်ကြားခဲ့ခြင်းကြောင့် မြန်မာအစိုးရအနေနှင့် ယခုအစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်းပြုမည်မဟုတ်ကြောင်းလည်း သိရသည်။ သို့သော် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးက ဇွန်လအတွင်း ဘန်ကောက်မြို့တွင် ထိုင်းအစိုးရက အိမ်ရှင်အဖြစ် ဦးစီးကျင်းပခဲ့သော အာဆီယံနိုင်ငံများ၏ဖိုရမ်သို့ တက်ရောက်ခဲ့သေးသည်။

၎င်းက အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံတွင် တပ်မတော်အုပ်ချုပ်မှုအပေါ် အတိုင်းအတာတစ်ခုအထိ လက်ခံသည့်နိုင်ငံများနှင့် လက်မခံလိုသည့်နိုင်ငံများဟူ၍ နှစ်ပိုင်းကွဲနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သော အာဆီယံနိုင်ငံများ၏ဖိုရမ်တွင်ဆိုလျှင် မြန်မာအစိုးရပါဝင်၍ဟုဆိုကာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့က တက်ရောက်ခြင်းမပြုခဲ့သည်ကို တွေ့ရပေမည်။ သို့သော် ထိုဖိုရမ်သို့ အခြားသောအာဆီယံနိုင်ငံများ၊ အိန္ဒိယနှင့်တရုတ်စသော အာဆီယံမိတ်ဖက်နိုင်ငံများနှင့် မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးတို့ပါ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှားအစိုးရက ၎င်းအနေဖြင့် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် မြန်မာနိုင်ငံ၏ အကျပ်အတည်းပြဿနာကို ဖြေရှင်းနိုင်ရန် မျှော်လင့်ထားသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီက မြန်မာနိုင်ငံအရေးနှင့်ပတ်သက် ၍ ပြောကြားရာတွင် “ပြဿနာနှင့် ဆက်စပ်နေသူအားလုံးပါဝင်သည့် အမျိုးသားဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံတွင် ကျင်းပသွားရန် အားပေးရမည့်အချိန်ရောက်ပြီ” ဟု ပြောခဲ့သည်။

သို့ရာတွင် အချို့အာဆီယံအဖွဲဝင်နိုင်ငံများကမူ အင်ဒိုနီးရှားအစိုးရအနေဖြင့် ၎င်း၏ ‘အသံတိတ်သံခင်းတမန်ခင်း’ဟု အမည် ပေးထားသော မြန်မာနိုင်ငံအရေး ထိတွေ့ဆောင်ရွက်ချက်များအား အခြားအဖွဲ့ဝင်နိုင်ငံများသို့ အသိပေးရန် နောက်တွန့်နေခြင်းအတွက် သံသယရှိနေကြသည်ဟုဆိုသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *