October 18, 2024

၁၁.၇.၂၀၂၃
Written By Thandar

ပရိသတ်ရင်ထဲအထိ ထိုးဖောက်နိုင်ခဲ့တဲ့ အကယ်ဒမီ မင်းသားဒွေးရဲ့ ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီဖြစ်တဲ့ ဒါရိုက် တာ သားညီက ၁၆ နှစ်ကာလအတွင်းမှာ အစ်ကိုမရှိတော့တာ လက်ခံလာနိုင်သလို အစ်ကိုနဲ့ ပတ်သက်ရင် ခံနိုင်ရည်တွေရှိလာပြီလို့ ဆိုပါတယ်။

“၁၆ နှစ်ရှိသွားပြီ အစ်ကို !!! အချိန်တွေ တော်တော်ကြာသွားခဲ့ပြီ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်နည်းနည်းတော့ ခံနိုင် ရည်ရှိလာပါပြီ။ နေ့တိုင်း လွမ်းမနေတော့ဘူး။ နေ့တိုင်း ပူဆွေးမနေတော့ဘူး။ အစ်ကို ရုပ်ရှင်ကားတွေလာရင် ခဏ တစ်ဖြုတ် ရပ်ကြည့်နိုင်လာပြီ။ ရယ်စရာလေးတွေပါရင် လိုက်ရယ်နိုင်လာပြီ။ ကျွန်တော်တို့ အတူရိုက်ခဲ့တဲ့ ကားတွေဆို အဲ့ဒီအချိန်က အမှတ်တရ အဖြစ်အပျက်တွေ သူများတွေကို အေးအေးဆေးဆေးပြန်ပြောပြနိုင်နေပြီ။ ကားမောင်းသွားရင်း Radio က အစ်ကို့သီချင်းတွေလာရင် အရင်က ချက်ချင်း ပိတ်ပစ်တတ်ပေမယ့် အခုဆို ခပ်တိုးတိုးလေး လိုက်ညည်းနိုင်လာပြီ။ အစ်ကို့ကို စိတ်ထဲမှာ မရှိတော့တာ မဟုတ်ဘူးနော်။ အခြေအနေတစ်ခုကို တစ်ဖြေးဖြေး လက်ခံလာနိုင်တာပါ”လို့ ဒါရိုက်တာ သားညီက ပရိသတ်တွေသိအောင် ရင်ဖွင့်လာပါတယ်။

သူဟာ သရုပ်ဆောင်ပိုင်းအပြင် ဒါရိုက်တာပိုင်းမှာလည်း ရိုက်ကူးတင်ဆက်မှုတွေက ပရိသတ်အကြိုက်တွေ့စေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲကိုလည်း ပုံဖော်ဖန်တီးနေလျှက်ရှိပါတယ်။ ဇူလိုင် ၁၁ ရက်ဟာ အစ်ကိုဖြစ်သူ ဒွေး အပြင် ဦးလေးဖြစ်သူ အကယ်ဒမီကျော်ဟိန်းကွယ်လွန်တာလည်း ၃ နှစ် ပြည့်ခဲ့တာဖြစ်ပါတယ်။

“ဒါပေမယ့် ဒဏ်ရာတွေနဲ့လဲကျပြီး ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတဲ့ အချိန်မျိုးတွေ ရုတ်တရက် တိုက်ဆိုင်မှုတစ်ခုခု ကြုံလာတဲ့အခါမျိုးတွေဆိုရင်တော့ အစ်ကို့ကို လွမ်းတဲ့စိတ်နဲ့ ကျွန်တော် ဟန်မဆောင်နိုင်ဘူး အစ်ကို။ အခုအချိန်အထိ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေမိတုန်းပါပဲ။ လူဆိုတော့လည်း ပျော့ညံ့မိတဲ့ အချိန်တွေရှိနိုင်တာပဲလေနော်။ အခုလည်း လွမ်းနေတယ် အစ်ကို”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကွယ်လွန်သူဦးလေးဖြစ်တဲ့ အကယ်ဒမီ မင်းသားကြီးကျော်ဟိန်း (ဦးကိတ္ထိသာရ) နဲ့ ပတ်သက်ပြီး “၃ နှစ် ရှိသွားပြီ။ အဆူမခံရတာတော့ တော်တော်ကြာခဲ့ပါပြီ…။ တစ်ခါတလေ အရမ်းမုန်းမိတယ်။ သွေးသားအရင်းဖြစ်ပြီး သူများတွေထက် ပို အဆူအဆဲခံခဲ့ရလို့လေ…။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဆူသံတွေ ပြန်ကြားချင်လည်းမရတော့ဘူး…။ ကိုယ့်ကို သူများတွေထက် ပိုထူးချွန်စေချင်လို့ ပိုပြီးနာနာရိုက်ခဲ့တယ်ဆိုတာ ပိုနားလည်လာတယ်…။ ဝမ်းလည်းနည်းလာတယ်။ ကျေးဇူးအရမ်းတင်ပေမယ့် ကျေးဇူးပါလို့ ပြောခွင့်မရှိတော့ဘူး…။ စိတ်ထဲကပဲ ရည်ရွယ်ပြီး သားအပြစ်တွေအတွက် ရှစ်ခိုးကန် တော့ တောင်းပန်ပါတယ် … ဖိုးသဲ…။ ဒီနေ့လေးမှာ ကျွန်တော့် ကျေးဇူးရှင်နှစ်ယောက်အတွက် တတ်နိုင်သလောက်လေး ကုသိုလ်ပြုပေးပါ့မယ်။ ရောက်ရာဘုံဘဝက သာဓုခေါ်ကြပါနော်” လို့လည်း ဆိုထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *