October 18, 2024

၁၁. ၇. ၂၀၂၃
Written by Nay Moe

KNLA နဲ့ NUG ဩဇာခံ PDF ပူးပေါင်းတပ်ဖွဲ့များက ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ခလယ်တံခွန်တိုင်ရဲစခန်းတိုအား မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ကျပ်သန်း ၂၀၀၀ ခန့် ဆုံးရှုံးအောင် ဗုံးခွဲနိုင်ခဲ့သည်ဟု ယနေ့ထုတ်ပြန်လိုက်သည်။

NUG ၏ သတင်းနှင့် ပြန်ကြားရေးဌာန စစ်ဒေသခွဲ အမှတ် (၃) က ယခုထုတ်ပြန်ရာတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်က တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုများကြောင့် တောင်ကလေးရဲစခန်းရှိ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း၊ ဇူလိုင်လ (၇) ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ခြင်း၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer (AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦများ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းငွေကျပ် သန်းပေါင်း ၂၀၀၀ (ကျပ်၂ ဘီလျံ) ခန့်ဆုံးရှုံးခဲ့သည်ဟု NUG ဩဇာခံ PDF အဖွဲ့ဖြစ်သည့် သတင်းနှင့် ပြန်ကြားရေးဌာန၊ စစ်ဒေသခွဲ အမှတ် (၃)က ပြောသည်။

KNU,KNLA အပါအဝင် EAO တချို့နှင့် NUG ဩဇာခံ PDF များက လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားခွဲရုံများအား အမြဲတမ်းလိုလို မိုင်းခွဲဖျက်ဆီးနေမှုကြောင့် နိုင်ငံတော်က ကျပ်ဘီလျံရာဂဏန်းခန့်ဆုံးရှုံးထားသည့်အပြင် ပြည်သူများပါ လျှပ်စစ်မီးမှန်မှန်ရရှိရန် ခက်ခဲလာသည်။ ထို့ပြင် NUG ဩဇာခံ PDF များက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း ၂၀ ခန့်ကိုလည်း လျှပ်စစ်မီးရရှိရေး တာဝန်ထမ်းဆောင်ချိန် အလစ်တွင် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *