MT News
၁၁. ၇. ၂၀၂၃
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါဌာနမှာ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း သွေးရောဂါလူနာလေးဦး သွေးခြင်ဆီ ပင်မကလာပ်စည်းအစားထိုးကုသမှု (Hematopoietic Stem Cell Transplant – HSCT) ကို ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး (သွေးရောဂါပညာ)၊ ပါမောက္ခ ဒေါက်တာအေးအေးကြီး ဦးဆောင်တဲ့အဖွဲ့က အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုမှာ အပြင်းစားသွေးကင်ဆာ (Acute Myeloid Leukemia) လူနာတစ်ဦးကို ဖခင်ကလှူဒါန်းတဲ့ ပင်မကလာပ်စည်း (Stem cell)ကို အသုံးပြုပြီး သွေးခြင်ဆီအစားထိုးကုသတာ (Haploidentical Allogeneic Transplant)၊ ပြန်ရည်ကြိတ်ကင်ဆာ (Lymphoma) လူနာသုံးဦးကို လူနာရဲ့ကိုယ်ပိုင် သွေးခြင်ဆီပင်မကလာပ် စည်းအစားထိုးကုသမှု (Autologous HSCT)နဲ့ ကုသနိုင်ခဲ့တာဖြစ်ပြီး ကုသမှုခံယူတဲ့ လူနာအားလုံး ကျန်းမာနေတယ်လို့ သိရပါတယ်။
အရင်တုန်းကဆိုရင် သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုကို မျိုးဗီဇခြင်းတူညီတဲ့ အမြွှာပူးအဖြစ် မွေးဖွားလာသူအချင်းချင်းအကြားပဲ ဆောင်ရွက်ပေးနိုင်ခဲ့ပေမဲ့လည်း လက်ရှိတိုးတက်လာတဲ့ ဆေးပညာရပ်အရ မျိုးဗီဇတစ်ဝက်တူညီမှုရှိသူ (ဥပမာ – မိခင်/ဖခင်၊ သား/သမီး၊ ညီအကို/ မောင်နှမ) အကြား လှူဒါန်းတဲ့ ပင်မကလာပ်စည်း (Stem cell) ကို အသုံးပြုပြီး သွေးခြင်ဆီ အစားထိုးကုသခြင်း (Haploidentical Allogeneic Transplant) ကို ဆောင်ရွက်လာနိုင်တာပါ။
မြန်မာနိုင်ငံမှာ ပထမဦးဆုံး သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု (Hematopoietic Stem Cell Transplant – HSCT) ကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးက သွေးကင်ဆာလူနာတွေမှာ ၂၀၁၄ ခုနှစ်ကစတင် ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်ကနေ၂၀၂၀ ပြည့်နှစ်အထိ လူနာရဲ့ကိုယ်ပိုင်ပင်မကလာပ်စည်း (Stem cell) ကို အသုံးပြုတဲ့ Autologous HSCT နဲ့ သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်တဲ့ (Myeloma) နဲ့ ပြန်ရည်ကြိတ်ကင်ဆာ (Lymphoma) လူနာ(၁၈)ဦးကို အလှုရှင်ထံကရတဲ့ ပင်မကလာပ်စည်း (Allogeneic HSCT) နဲ့ ကုသပေးခဲ့သလို အပြင်းစားသွေးကင်ဆာ (Acute Myeloid Leukemia) လူနာသုံးဦး စုစုပေါင်း (၂၁)ဦးကိုလည်း ကုသပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း ၂၀၁၆ ခုနှစ်က စတင်ပြီး သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှု (HSCT) နဲ့ သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်တဲ့ Myeloma လူနာ(၁၃)ဦးကို ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။