၁၁.၇. ၂၀၂၃
Written by Thettant
ဖျာပုံမြစ်ဝမှာ သောင်တင်နေတဲ့ ကုန်တင်ရေယာဉ်တစ်စီးကို တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်နေတဲ့ အမြန်သွားကင်းလှည့်ရေယာဉ်က ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်နေတဲ့ အမြန်သွားကင်းလှည့်ရေယာဉ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၉ ရက် ည ၁၁ နာရီခန့်အချိန်က ဖျာပုံမြစ်ဝမှာ ကုန်တင်ရေယာဉ်တစ်စီး သောင်တင်နေတယ်လို့ သတင်းရရှိတာကြောင့် သွားရောက်ခဲ့ရာမှာ ဖျာပုံမြို့ကနေ မြိတ်မြို့ကိုထွက်ခွာလာတဲ့ MV LASHIO ကုန်တင်ရေယာဉ်ဟာ တက်မထိန်းစနစ်ချို့ယွင်းပြီး သောင်တင်နေတာကို တွေ့ရှိရလို့ ကုန်တင်ရေယာဉ်ပေါ်က ရေလုပ်သားတွေကို ကျန်းမာရေးနဲ့ အခြားလိုအပ်တဲ့ အကူညီပေးခဲ့ရပါတယ်။
ဒါ့အပြင် ဖျာပုံမြစ်ဝဒီရေအမြင့်ဆုံးအချိန်ဖြစ်တဲ့ ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီခန့်မှာလည်း MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်နဲ့ သောင်တင်နေတဲ့ MV LASHIO ကုန်တင်ရေယာဉ်ကို သောင်ကလွတ်မြောက်အောင် ကူညီတွဲဆွဲစေခဲ့ပါတယ်။ တက်မထိန်းစနစ် ချို့ယွင်းနေတဲ့ အဲဒီရေယာဥ်ကို MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်က Side Tow ဆွဲပြီး ဖျာပုံမြို့မှာ ပြန်လည်ပြုပြင်နိုင်ဖို့ကို အဆင်ပြေ အောင်မြင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။