၉.၇.၂၀၂၃
Written by Hey Mar
ဘားအံ-သထုံကားလမ်း ဒုံသမိတံတားအနီး၊ ဆယ်မိုင်ကုန်းကျေးရွာမှာ ခရီးသည်တင်မှန်လုံကားက ဆိုင်ကယ် နှစ်စီးကို တိုက်မိတဲ့အတွက် ဆိုင်ကယ်စီးနင်းသူ နှစ်ဦးစလုံး နေရာတင်သေဆုံးရမှု မနေ့က ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြိုင်ကလေးမာဃ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ဘားအံဘက်ကလာတဲ့ ခရီးသည်တင် မှန်လုံကားက ဆယ်မိုင်ကုန်းကျေးရွာအနီးမှာ လမ်းဘေးကနေ မောင်းနှင်နေတဲ့ ဆိုင်ကယ် NCH mon-82w 17256 ကို ပွတ်ဆွဲတိုက်ကာ ကြိတ်မိပြီး ထပ်မံကာ မျက်နှာချင်းဆိုင်ကနေလာတဲ့ ဆိုင်ကယ်ကို ထပ်မံတိုက်မိခဲ့တာပါ။ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးစလုံး ဖြစ်စဥ်နေရာမှာတင် ကွယ်လွန်သွားခဲ့ပြီး NCH mon-82w 17256 ကို စီးနင်းလာသူဟာမျက်နှာ ပျက်စီးသွားတဲ့အတွက် မိသားစုကို ဆက်သွယ်အကြောင်းအကြားဖို့ ခက်ခဲနေတယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သူ မြိုင်ကလေးမာဃလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို နောင်ကျန် ဂူဝ မာဃ လူမှုကူညီရေးအသင်းနဲ့ မြိုင်ကလေးမာဃလူမှုကူညီရေးအသင်းတို့က နိဗ္ဗာန်ယာဥ်နဲ့ ဘားအံဆေးရုံ ရင်ခွဲရုံကိုကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။