
၁၀. ၇. ၂၀၂၃
Written by Pan Ei
နာမည်ကျော် အမျိုးသားအဆိုရှင်အဖွဲ့ One Direction ရဲ့ အဖွဲ့ဝင်ဟောင်း Harry Styles ဟာ ပြီးခဲ့တဲ့ စနေနေ့ညက ဩစတြီးယားနိုင်ငံမြို့တော်၊ ဗီယင်နာမှာ ဖျော်ဖြေနေချိန် မျက်လုံးကို အရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဂရမ်မီဆုရ အဆိုတော် Harry Styles ရဲ့ “Love on Tour” ဖျော်ဖြေပွဲကို လာရောက်သူတွေရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ သူဟာ စင်မြင့်ပေါ် လမ်းလျှောက်နေချိန် မျက်လုံးနားကို အမည်မသိ အရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်ခံလိုက်ရတာဖြစ်ပြီး အဲ့ဒီနောက်မှာ သူဟာ နာကျင်မှုကြောင့် တုန်လှုပ်သွားတာကို တွေ့ရကာ မျက်လုံးကို လက်နဲ့ အုပ်ထားခဲ့ပါတယ်။
Harry Styles အနေနဲ့ အခုလိုမျိုး စင်ပေါ်မှာ ဖျော်ဖြေနေချိန် ပစ်ပေါက်ခံရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်က လော့စ်အိန်ဂျလိစ်ဖျော်ဖြေပွဲတုန်းကလည်း သကြားလုံးမုန့်ထုပ် Skittles နဲ့ ပစ်ပေါက်ခံရကာ မျက်လုံးနားကို ထိမှန်ခဲ့ပါတယ်။
Harry Styles အပြင် အခြား အနုပညာရှင်တွေဖြစ်ကြတဲ့ Drake၊ Bebe Rexha၊ Kelsea Ballerini နဲ့ Ava Max တို့ကလည်း အလားတူ စင်ပေါ်မှာ ဖျော်ဖြေနေချိန် အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာ ခံခဲ့ရဖူးပြီး Bebe Rexha ဆိုရင် ဖုန်းနဲ့ ပစ်ပေါက်ခံခဲ့ရတာကြောင့် သူမရဲ့ မျက်လုံးနားမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
အခုလို အနုပညာရှင်တွေ စင်ပေါ်မှာရှိနေချိန် စင်အောက်ကနေ ပစ်ပေါက်တာတွေ များလာတဲ့အပေါ် အနုပညာရှင် တော်တော်များများက ဒေါသထွက်ခဲ့ကြပြီး အဆိုတော် Adele ကလည်း “အနုပညာရှင်ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာကို ရပ်လိုက်ပါ” လို့ အခုလအစောပိုင်းက သူမရဲ့ လာစ့်ဗီးဂတ်စ်က ဖျော်ဖြေပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Ref; CNN
