October 18, 2024

၁၀. ၇. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ၎င်းက ရုရှားနှင့်စစ်ပွဲကို ဦးစွာရပ်ဆိုင်းနိုင်မှသာ နေတိုးမဟာမိတ်များက ၎င်းအားအဖွဲ့ဝင် ဖြစ်လာစေရန် စဉ်းစားနိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်တွင် ပြောခဲ့သည်။

ထို့ပြင် ရုရှားနှင့်စစ်ပွဲကို ရပ်ဆိုင်းစေရန်အတွက် အမေရိကန်နှင့် နေတိုး၏မဟာမိတ်များက ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့် ၎င်း၏တပ်ဖွဲ့များအတွက် လုံခြုံရေးနှင့် လက်နက်ကိရိယာအထောက်အပံ့များပေးနေခြင်း ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

၎င်း၏ တစ်ပတ်ကြာ ဥရောပတိုက်ခရီးစဉ်အတွင်း လစ်သူရေးနီးယားနိုင်ငံတွင် ကျင်းပမည့် နေတိုးအဖွဲ့အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဇယ်လန်စကီး၏ နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရန် တိုက်တွန်းနေမှုတို့ကို အဓိကဆွေးနွေးကြမည်ဖြစ်သည်။

ထို့ပြင်သမ္မတဘိုင်ဒန်က ယခုကဲ့သို့ စစ်ပွဲတစ်ပွဲဖြစ်ပွားနေချိန်တွင် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် နေတိုးအဖွဲ့ဝင်နိုင်ငံများက တစ်ညီတညွတ်တည်း ထောက်ခံကြလိမ့်မည်ဟု ၎င်းအနေနှင့်မထင်ကြောင်း၊ အကြောင်းမှာ ရုရှားနှင့်စစ်ဖြစ်နေချိန်တွင် ယူကရိန်းအား အဖွဲ့ဝင်အဖြစ်လက်ခံပါက နေတိုးနိုင်ငံများအားလုံးပါ ရုရှားနှင့်စစ်ဖြစ်ရလိမ့်မည်ဖြစ်ပြီး စစ်ပွဲအတွင်း နေတိုးရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဆက်လက်၍ ၎င်းက စစ်ပွဲမဖြစ်မီက ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရေး ကတိပေးရန် ရုရှားသမ္မတပူတင် ၏တောင်းဆိုချက်များကို လက်မခံခဲ့ကြောင်း၊ အကြောင်းမှာ နေတိုးမဟာမိတ်များအနေဖြင့် တံခါးဖွင့်ဝါဒကျင့်သုံး၍ဖြစ်ကြောင်း၊ သို့သော် ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာရန် ဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် အခြားသောကိစ္စရပ်များအပါအဝင် ၎င်းအနေနှင့် ရှိရန်လိုအပ်သည့် အချက်များလည်း ရှိသေးကြောင်း ပြောခဲ့သေးသည်။
Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *