
၁၀. ၇. ၂၀၂၂
Written by Nay Moe
ပြည်သူများအား မကြာခဏသ-တ်ဖြတ်နေသည့် နတ္တလင်း PDF (MRF- Nattalin) က ပြည်သူတစ်ဦးကို အလိုရှိတရားခံဟု ကြေညာချက် ယနေ့တွင် ထုတ်ပြန်ထားသည်။
NUG ဩဇာခံ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၁၊ MRF Nattalin၊ ပြစ်မှုဆိုင်ရာစောင့်ကြည့်အရေးယူရေးမစ်ရှင် မှတ်တမ်းထုတ်ပြန်ရေးတပ်စိတ်က ယနေ့ထုတ်ပြန်ရာတွင် နတ်တလင်းမြို့၊ တာပွန်လမ်း၊ ဝင်းသိင်္ဂီပုံနှိပ်စက်ပိုင်ရှင် ဦးဝင်းကျော် (Moe Htat Myint Facebook Account) ဆိုသူသည် မိမိတို့ အလိုရှိတရားခံအဖြစ် ကြေညာထားသော ထွန်းဇော်(ခ)ကိုပေါက်၏ မြနန္ဒာမြေကွက်ရောင်းချမှုတွင် ပွဲစားအဖြစ်သာမက တရားခံဘက်မှ လော်ဘီအဖြစ်ပါ လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု စွပ်စွဲဖော်ပြထားသည်။
ထို့အပြင် ဦးဝင်းကျော်သည် တပ်၏ အုပ်ချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန် နတ္တလင်းမြို့၏ သတင်းထုတ်ပြန်ရေးသဖွယ်သော်လည်းကောင်း၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား ရန်သူ့ထံ သတင်းပေး(Informer) အဖြစ်သော်လည်းကောင်း လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရသည်ဟုလည်း ထပ်ဆင့်စွပ်စွဲထားသည်။
ထို့အပြင် မြို့ပေါ်တွင် ဌာနဆိုင်ရာများ၊ ပွဲလမ်းသဘင်များတွင်လည်း ဝင်းကျော်သည် တက်ကြွစွာပါဝင်ခြင်း၊ ဂေါက်ရိုက်ပွဲများအပါအဝင် လခရများနှင့် နီးကပ်စွာနေခြင်းများကြောင့် MRF နတ္တလင်းက တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် ဦးဝင်းကျော်(ဝင်းသိင်္ဂီ)အား သာမာန်အရပ်သားအဖြစ် မသတ်မှတ်တော့ဘဲ စစ်အုပ်စုထောက်တိုင်အကြီးစားအဖြစ် သတ်မှတ်ကာ အလိုရှိတရားခံအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်သည်ဟု ယင်းတို့၏ စွပ်စွဲချက်တွင် ဖော်ပြထားသည်။
MRF-Nattalin သည် ရပ်ကျေးဥက္ကဋ္ဌများကို မကြာခဏသ-တ်ဖြတ်နေသည့်အဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း မှုခင်းရှုထောင့်အဖွဲ့ဝင်သတင်းထောက်/ ရာအိမ်မှူးဦးဌေးလွင်ကို ဧပြီ ၁၅ ရက်တွင် သတ်ဖြတ်ထားပြီး မေလ ၇ ရက်ကလည်း ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာရှိ တာဝါတိုင်ကုန်းရှိ လခရတပ်ကို ချောင်းမြောင်းပစ်ခတ်ထားသဖြင့် ဇွန်လ ၈ ရက်တွင် လခရစစ်ကြောင်းက ချေမှုန်းမှုကြောင့် PDF သုံးဦးသေဆုံးထားသော အဖွဲ့လည်းဖြစ်သည်။