October 18, 2024

ရန်ကုန်မြို့အတွင်းရှိ CNG အရောင်းဆိုင်တစ်ခုကို တွေ့ရစဥ်

၁၀. ၇. ၂၀၂၃
Written by Nyein Kyaw

ယခုရက်ပိုင်းအတွင်း CNG တန်းစီရသည့်အချိန် ကြာမြင့်သည့်အပြင် Pressure ပါ မပြည့်မှုကြောင့် CNG ကားများ အခက်အခဲကြုံနေရပြီး လိုင်းကားများမှာလည်း ခရီးစဥ်အကြောင်းရေ အပြည့်မဆွဲနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းက CNG Pressure လိုင်းများ လိုင်းကျနေခြင်းနှင့် မီးပုံမှန်မလာခြင်းကြောင့် မီးစက်ဖြင့် CNG ထည့်ပေးနေရခြင်းကြောင့်ဟုသာ အသိပေးမှုရှိပြီး အခြားအကြောင်းအရင်းများကိုမူ မသိရှိရဟု သိရသည်။

“Pressure လိုင်းကျလို့ ရတော့ရတယ်။ အချိန်နည်းနည်းတော့ ပေးရတာပေါ့။ အရင်က နှစ်နာရီလောက် တန်းစီရတာ။ အခုက ငါးနာရီလောက် တန်းစီရတယ်။ ဒီလိုအချိန်ပေးပြီးတော့လည်း Pressure လည်း မပြည့်ဘူး။ ခါတိုင်းဆို ခရီးစဥ် သုံးကြောင်း၊ ‌လေးကြောင်းလောက်ရတယ်။ အခုဆိုရင် နှစ်ကြောင်းနဲ့ တစ်ခြမ်းလောက်ပဲ မောင်းလို့ရတယ်။ အဓိကတော့ Pressure မပြည့်တာပေါ့နော်။ လေတွေပဲဝင်တာ။ လိုင်း Pressure ကျတာတော့ ဒီနှစ်ရက်၊ သုံးရက်လောက်တော့ရှိပြီ။ လိုင်း Pressure ကျတာ ပြန်ပြန်တင်ရတာ ကြာတာပေါ့။ ကျွန်တော်တို့ လိုင်းကားတွေဆို နာရီဝက်လောက်ကြာတယ်။ Pressure တင်တင်ပြီး ပြန်ပြန်ထည့်ရတာ။ သူတို့ကတော့ လိုင်း Pressure ကျတယ်ပဲပြောတာ။ CNG ကတော့ ရတယ်။ ထည့်ရတာကြာပြီးတော့ အသုံးမခံဘူးပေါ့။ အဲဒီလိုဖြစ်နေတာ” ဟု YBS 9 ယာဥ်လိုင်းမှ ယာဥ်မောင်းတစ်ဦးက ပြောသည်။

ထို့အတူ CNG တက္ကစီများမှာလည်း ယခင်ကထက် အချိန်ကြာမြင့်စွာ တန်းစီရသော်လည်း CNG Pressure မပြည့်ခြင်းကြောင့် တစ်နေ့ကို နှစ်ကြိမ်တန်းစီနေရပြီး CNG Gas ထည့်ရန်သာ အချိန်ပိုမိုပေးနေရကြောင်း သိရသည်။

“အခုက CNG ရဖို့ကို အရင်ထက် အချိန်နှစ်ဆပေးရတယ်။ အရင်က တစ်နာရီ၊ နှစ်နာရီပဲကြာရင် အခုက သုံးနာရီ၊ လေးနာရီလောက် တန်းစီရတယ်။ ပြီးတော့လည်း တစ်နေ့ကို နှစ်ခါပြန်ထည့်ရတာ။ အဲဒီတော့ တက္ကစီဆွဲရတဲ့အချိန်ထက် CNG ထည့်ရတဲ့အချိန်က ပိုများနေတာ” ဟု တက္ကစီယာဥ်မောင်းတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *