October 18, 2024

၁၀. ၇. ၂၀၂၃
Written by Peya

မိုခါမုန်တိုင်းကြောင့် ထိခိုက်သွားသည့် ပြုပြင်ဆဲ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ကြိုးတံတားပေါ် ခက်ခက်ခဲခဲ ဖြတ်လျှောက်သည့် အရက်သောက်ထားသူ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အလောင်းရှာဖွေရေး လုပ်နေသည့် PNG Development Youth Organization – PDYO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်း ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသက် ၄၆ နှစ်အရွယ် အမျိုးသားသည် ပုဏ္ဏာားကျွန်းမြို့နှင့် ဦးရာဇ်တောင်ဘုရားကို ဆက်သွယ်ထားသည့် လူသွားရန် အဆင်မပြေသေးသော ပြုပြင်ဆဲ ဦးရာဇ်တောင်ကြိုးတံတားကို ဖြတ်သန်းစဉ် ပြုတ်ကျပြီး တံတားအောက် ကုလားတန်မြစ်လက်တက်တစ်ခုဖြစ်သော ဒေသအခေါ် ကင်းချောင်းအတွင်း နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုက ပြုပြင်နေတာ။ လူသွားလို့ အဆင်မပြေသေးဘူးဗျ။ အဲ့ဒါကို သူက အရင်ကလည်း ပုံမှန်သွားနေကျဆိုပြီး သွားတာ။ မူးလည်း မူးနေတာ။ အဲ့ဒီမှာ ပြုတ်ကျသွားတာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ အမျိုးသားသည် ပုဏ္ဏားကျွန်းမြို့ကတစ်ဆင့် တဖက်ကမ်းက ၎င်း၏ ရွာရှိရာသို့ သွားစဉ် ယခုကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ရှာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလောင်းက ရှာနေတုန်းပါပဲ။ တံတား အစပိုင်းလောက်မှာ ပြုတ်ကျသွားတာ။ ဘုရားဘက်က လာမယ်ဆို တံတားအလယ်လောက်အထိက ပြုပြင်လို့ ပြီးပါပြီ။ တံတားက အလုပ်သမားတွေလည်း မြင်တယ်။ ရေလည်း မကူးတတ်ဘူး ထင်တယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *