October 18, 2024

၁၀. ၇ .၂၀၂၃
Written by Hey Mar

အမေဖြစ်သူကို သမီးအရင်းက သုဿာန်ကို လူငှားနဲ့ သွားရောက်စွန့်ပစ်စေခိုင်းတဲ့ ဖြစ်စဥ်တစ်ခု မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင်လ ၁၀ ရက်က ဖြစ်ပွားခဲ့တယ်လို့ စွန့်ပစ်ခံ အမျိုးသမီးကို သွားရောက်ကူညီခေါ်ဆောင်ခဲ့တဲ့ မြို့ခံ အလင်းစေတမန် ပရဟိတအဖွဲ့ကနေ သိရပါတယ်။

မနေ့က ဇူလိုင်လ ၉ ရက်နေ့ညက မန္တလေးတိုင်း အေးရိပ်ငြိမ်သုဿာန်ရှိ မြန်မာသင်္ချိုင်းနဲ့ တရုတ်သင်္ချိုင်းအကြားမှာ စွန့်ပစ်ခံရတာဖြစ်ပြီး စတွေ့တွေ့ချင်း ပရဟိတ အသင်းတွေကို အကြောင်းကြားပေမယ့် လူသေ အလောင်းလို့သာ ထင်တာကြောင့်ချက်ချင်း မသွားဖြစ်ဘူးလို့ အလင်းစေတမန် ပရဟိတအဖွဲ့က MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_11-46-35.jpg

“ကျန်းမာရေးက အာဟာရပြတ်တာနဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာ ဖြစ်မယ်။ နေတာက မြစ်ငယ်ဘက်ကတဲ့။ သူ့သမီးက အရင်က တစ်လ ၅ သောင်းနဲ့ အိမ်ငှားပေးထားတယ်။ အခုကြ မငှားတော့ဘဲ လူမိုက်ကို ငါးသောင်းပေးငှားပြီး သူ့ကို သင်္ချိုင်းသွားပစ်ခိုင်းတယ်လို့ ပြောပြတယ်။ တခြားတော့ မသိရသေးဘူး။ အစားမစားရတာလည်း တစ်လလောက်ရှိပြီပြောတယ်။ တအားဝမ်းနည်းနေတဲ့ ပုံမို့ သူ့အခြေအနေလေး ကောင်းလာမှပဲ ကျန်တာဆက်မေးတော့မယ်။ အခု ဆရာဝန်ခေါ်ထားတယ်။ နေ့လည်လောက်လာမယ်ပြောတယ်။ ကျန်းမာရေး အသေးစိတ်လေး စစ်ဆေးပေးဖို့ပါ” လို့ အလင်းစေတမန် ပရဟိတအဖွဲ့မှတာဝန်ရှိသူက ဆိုပါတယ်။

စွန့်ပစ်ခံရသူ အမျိုးသမီးက အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိမှာတော့ ယင်းအမျိုးသမီးကို အလင်းစေတမန်ပရဟိတအသင်းက မေတ္တာရိပ်ဘိုးဘွားစောင့်ရှောက်ရေးအသင်းကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *