October 18, 2024

၁၀. ၇. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မုတ်သုံမိုးရာသီ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ဇူလိုင် ၉ ရက်က ပြောကြားခဲ့ကာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် ဆယ်စုနှစ်များစွာအတွင်း ဇူလိုင်အတွင်း မိုးရွာသွန်းမှုသည် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုများကြောင့် နယူးဒေလီမြို့၏ နေရာအများအပြားရှိ လမ်းများတွင် ဒူးမြုပ်သည်အထိ ရေတက်ခဲ့ပြီး အနည်းဆုံး နောက်ထပ်တစ်ရက် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားသဖြင့် အာဏာပိုင်များက နယူးဒေလီရှိ စာသင်ကျောင်းများကို ယနေ့ (တနင်္လာနေ့)တွင် ပိတ်ထားရန် အမိန့်ပေးခဲ့သည်။

အိန္ဒိယမြောက်ပိုင်းပြည်နယ် ခြောက်ခုတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း Press Trust of India သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြခဲ့ပြီး တောင်တန်းဒေသပြည်နယ်များသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ရကာ Himachal Pradesh ပြည်နယ် တစ်ခုတည်းတွင်ပင် မြေပြိုမှုများကြောင့် လမ်းပေါင်း ၇၀၀ ခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သည်ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယ မိုးလေဝသဌာနသည် လာမည့်ရက်များအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသအများအပြားတွင် မိုးပိုမိုရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားသည်။ နွေရာသီမုတ်သုံလေသည် တောင်အာရှတွင် နှစ်စဉ်မိုးရေချိန်၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိကို ယူဆောင်လာသည့်အပြင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူသေဆုံးမှုများနှင့် ပျက်စီးမှုများ အဆိုပါဒေသများတွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *