October 18, 2024

MT News

Written by Nay Aung

မလေးရှားရဲတပ်ဖွဲ့သည် Jalan Renggam-Kluang ဒေသရှိ စိုက်ပျိုးရေးခြံတွင် မြန်မာနိုင်ငံသားအလုပ်သမား တစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့သလို လူသတ်မှုကျူးလွန်ခဲ့သူအဖြစ် အဓိကသံသယရှိသူ ခိုင်ကျော်လှိုင်ကို ဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်။

ဖြစ်စဥ်မှာ ဇူလိုင် ၈ ရက်က စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားအချင်းချင်း အငြင်းပွားရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အသက် ၃၀အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။

ထိုဖြစ်စဥ်မှာ အသက်သေဆုံးခဲ့သော မြန်မာနိုင်ငံသားနှင့် စိုက်ပျိုးရေးခြံပိုင်ရှင်တို့၏ ရင်းနှီးသောဆက်ဆံရေးကိုအသက် ၂၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ခိုင်ကျော်လှိုင်က မကျေနပ်ဘဲ အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းဖြစ်စဥ်အပေါ် မလေးရှားရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာတစ်ဦးဖြစ်သော Bahrin Mohd Noh က ” လူသတ်မှုနဲ့ပတ်သက်ပြီး အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးနဲ့ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးထားတယ်။ လူသတ်မှုကို အဓိကကျူးလွန်သူအဖြစ် သံသယရှိသူ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်” ဟုပြောသည်။

ဓားဖြင့်ထိုးသတ်ခံရသူ မြန်မာနိုင်ငံသားနှင့် လူသတ်မှုကျူးလွန်သူများအဖြစ် သံသယရှိခံရသူများသည် အကျယ်အဝန်း ၈ ဧကရှိ ငှက်ပျောခြံနှင့် မာလကာခြံတွင် အလုပ်အတူလုပ်နေသူများဖြစ်သည်။

မလေးရှားရဲတပ်ဖွဲ့က ” အဓိကသံသယရှိသူဟာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးသွားတယ်။ ခြံအတွင်းရှိတဲ့ တခြား အလုပ်သမားတွေက ဓားနဲ့အထိုးခံရတဲ့မြန်မာနိုင်ငံသားကို ဆေးရုံကို တင်ပို့ခဲ့ရတယ်။ ရဲတပ်ဖွဲ့ဟာ လူသတ်မှုဖြစ်ပွားတဲ့ စိုက်ပျိုးရေးခြံကို ဝင်ရောက်စီးနင်းပြီး လူသတ်မှုမှာ ပူးပေါင်းပါဝင်သူအဖြစ် သံသယရှိသူ နှစ်ဦးကိုဖမ်းဆီးခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ မိုဘိုင်း ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းခဲ့တယ်။ ဖမ်းဆီးထားသူနှစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားသလို ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိက တရားခံကိုလည်း ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေတယ်”ဟုပြောသည်။

ထို့အတူ ခိုင်ကျော်လှိုင်နှင့်ပတ်သက်သော သတင်းကို ရရှိပါက ဆက်သွယ်အကြောင်းကြားရန် ကြေညာချက်များလည်း ထုတ်ပြန်ထားကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

Ref-New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *