Written by Thi Ha
၂၅ .၁၀ .၂၀၂၂
တရုတ်နှင့် ထိုင်းနိုင်ငံတို့မှတင်သွင်းခဲ့ရသည့် ကညွတ်ဖြူ ပြည်တွင်း၌စိုက်ပျိုးအောင်မြင်နေပြီး ပြည်ပတင်ပို့ရောင်းချချင်သည့် ကိုယ်စားလှယ်များ ဆက်သွယ်ပူးပေါင်းစေချင်ကြောင်း ၊ မြန်မာနိုင်ငံတွင် ပထမဆုံးကညွှတ်ဖြူ စိုက်ပျိုးရေး လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသည့် ဦးဖိုးဇော်က MT News သို့ ပြောသည်။
“အရင်ကဆို တရုတ်နဲ့ ထိုင်းဘက်ကနေ ကညွတ်ဖြူ တင်သွင်းရတယ်။ ဒါက ဟိုတယ်တွေမှာ မပါမဖြစ် သုံးကြတဲ့ တန်ဖိုးကြီးဟင်းလျာတစ်မျိုးပဲ။ အခု ကျွန်တော် စိုက်ပျိုးအောင်မြင်ပြီးနောက်ပိုင်း ပြည်ပက မသွင်းရတော့တာ ၂ နှစ်လောက်ရှိပြီ။ ဒီက နိုဗိုတယ်၊ မလီယာ ၊ ပါ့ခ်ရွိုယ်ရယ် စသည်ဖြင့်ပေါ့။ တော်တော်များများ ကျွန်တော့်ဆီက တိုက်ရိုက်မှာယူကြတယ်” ဟု ရန်ကုန်မြို့ သီရိမင်္ဂလာစျေးနှင့် ဒညင်းကုန်းစျေးတို့တွင် အော်ဂဲနစ် ကညွတ်ဖြူ အရောင်းဒိုင်ဖွင့်လှစ်ရောင်းချနေသာ ဦးဖိုးဇော်က ပြောသည်။
ပြည်ပမှတင်သွင်းရသည့် ကညွတ် အရည်အသွေးထက် သာလွန်ကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်နေပြီးအညာဒေသ တောင်သူများ စိုက်ပျိုးနိုင်အောင်လည်း ဦးဖိုးဇော်က ဦးဆောင်ပေးနေကြောင်းသိရသည်။
“စျေးကွက် လိုအပ်ချက်လည်း ပြည်တွင်းမှာကို များပါတယ်။ ပြည်ပအထိဆိုရင် ကျွန်တော် ထိုင်းနဲ့ စင်္ကာပူကို ပို့ဖူးတယ်။ နောက်ပိုင်း သူတို့တောင်းဆိုတဲ့ ပမာဏနဲ့ ငွေကြေးကို ကျွန်တော်မရင်းနှီးနိုင်လို့ ဆက်မလုပ်ဖြစ်ဘူး အအေးခန်းတွေလည်း လိုတယ်။ အဲဒါတွေမရင်းနိုင်လို့။ကိုယ့်တစ်နိုင်လေးပဲ ပြည်တွင်းမှာပဲ လုပ်ဖြစ်နေတာပါ” ဦးဖိုးဇော်က ဆက်လက်ပြောသည်။
ကညွတ်တွင် ပါဝင်သည့် ဗီတာမင် K သည် နှလုံးဝေဒနာ ခံစားသူတို့အတွက် အထူးကောင်းမွန်သဖြင့် ကျန်းမာရေးဓာတ်စာဟု ဆိုနိုင်သည်။ စိုက်ပျိုးရာတွင်လည်း နေရောင်ခြည်မထိအောင် ဂရုစိုက် စိုက်ပျိုးရသည်ကလွဲ၍ ကျန်သည့် ကရိကထနိုင်မှု အထွေအထူးမရှိကြောင်းနှင့် ကညွတ်သည် ပူနွေးစိုစွတ်သည့် ရာသီဥတုကို သဘောကျသဖြင့် မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသဖြစ်သော အညာဒေသသည် စိုက်ပျိုး၍ အကောင်းဆုံးဖြစ်သည်ဟု သိရသည်။ ကညွတ်သည် နှစ်ရှည် စိုက်ပျိုးခူးဆွတ်နိုင်သည့် ကိုင်းဆက်ပွားအပင်မျိုးဝင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးလျှင် ၆ နှစ်သားအထိ ခူးဆွတ်နိုင်သည်ဟု သိရသည်။