၈. ၇. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ဇူလိုင်လဒုတိယပတ်အတွင်းမှာ အရှေ့တောင် အာရှဒေသသို့ အစည်းအဝေးများပြုလုပ်ရန် သွားရောက်မည်ဖြစ်ပြီး မြန်မာအစိုးရအပေါ် ပိုမိုတင်းမာသည့် ဆောင်ရွက်မှုပြုရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ဆောင်ရွက်ချက်များကို ဆန့်ကျင်မှုပြုသွားကြရန် အရှေ့တောင်အာရှနိုင်ငံများကို လှုံ့ဆော်စည်းရုံးမှာဖြစ်ကြောင်း မျှော်လင့်ရပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၇ ရက်မှာ ပြောခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၉ ရက် မှ ဇူလိုင်လ ၁၂ ရက်အထိ နေတိုးအဖွဲ့အစည်းအဝေးကို သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ လစ်သူယေးနီးယားမှာ တက်ရောက်ပြီးနောက် ဘလင်ကန်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဆက်လက်ပါဝင်တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်အာဏာထိန်းသိမ်းပြီးနောက် နိုင်ငံအတွင်း မတည်မငြိမ်အဓိကရုဏ်း အခြေအနေများဖြစ်ခဲ့ရခြင်းအပေါ် အဓိကအကြောင်းအရာတစ်ရပ်အဖြစ် ဂျာကာတာတွင် ဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှဒေသအတွက် တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သည့် ဒန်နီယယ် ခရစ်တင်းဘရင့် က သတင်းထောက်များသို့ ပြောခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာအစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများကို အာဆီယံအဆင့်မြင့် အစည်းအဝေးများသို့တက်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ထားသည်။ သို့သော် ထိုင်းနိုင်ငံကမူ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် အဆိုပြုခဲ့သည်။
ဘလင်ကန်၏ ခရီးစဉ်အပေါ် ကြိုတင်သုံးသပ်မှုပေးရန် ဖုန်းဖြင့်မေးမြန်းမှုတစ်ရပ်၌လည်း ခရစ်တင်းဘရင့် က “ အာဆီယံအဖွဲ့အတွင်းမှာ ကျွန်တော်တို့အနေနဲ့ မိတ်ဆွေနိုင်ငံများနဲ့ မိတ်ဖက်များကို မျှော်လင့်ပါတယ်။ အာဆီယံရဲ့ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုအား ဆက်လက်နှိမ့်ချထားကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ပြီး ဒီမိုကရေစီပြန်ရဖို့ ဖိအားပေးမှုနည်းလမ်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့ မျှော်လင့်စောင့်စားသွားမှာပါ” ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန်အစိုးရက ဇွန်လအတွင်းကလည်း မြန်မာအစိုးရ၏ နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ပင်မှုပြုခဲ့သေးသည်။
Ref—-Bangkok Post