၈. ၇. ၂၀၂၃
Written by Ye Kyaw
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မည့်ရက်အား ၁၅ ရက်အထိ တိုးမြှင့်ကာ ပို့ကုန်အာမခံကြေးအား မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာနယ်စပ်ဒေသ ပေါက်ဈေးအတိုင်း ပေးသွင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၃/၂၀၂၃)အား ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၁/၂၀၂၃) အရ ပို့ကုန်ဝင်ရောက်မည့်ကာလသည် အလုပ်လုပ်ရက် (Working Day) (၇) ရက်ဆိုသည့် သတ်မှတ်ချက်အား ပို့ကုန်ကြေညာလွှာ ရရှိပြီးနောက် (၁၅) ရက်အတွင်း ပို့ကုန်ရငွေအား ကုမ္ပဏီ၏ ငွေစာရင်းသို့ ဝင်ရောက်စေရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၁/၂၀၂၃) အရ အာမခံကြေးပေးသွင်းရာတွင် အမေရိကန်ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့် ကျပ် စသည့်ငွေကြေးအမျိုးအစားများကို အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ချက်အား ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်အတွက် အာမခံကြေး (Deposit) ပေးသွင်းရာတွင် မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာနယ်စပ်ဒေသဈေးကွက် ပေါက်ဈေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့ရာတွင် ၂၀၂၃ ဇူလိုင်လ ၁ ရက်မှစတင်ပြီး သက်တမ်း (၃)နှစ်နှင့်အထက်ရှိသည့် ကုမ္ပဏီများ ပို့ကုန်လိုင်စင်လျှောက်ထားမည့် ပို့ကုန်တန်ဖိုးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းအား အာမခံကြေး (Deposit)အဖြစ် ကုန်သွယ်ရေးဦးစီးဌာနသို့ ပေးသွင်းရမည်ဖြစ်သည်။
ကုမ္ပဏီ၏ငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်လာသည့်အခါ အာမခံကြေးအား ပို့ကုန်တင်ပို့သည့် ကုမ္ပဏီသို့ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေဝင်ရောက်လာခြင်းမရှိပါက အာမခံကြေးအား သိမ်းယူမည်ဖြစ်ကာ ကုမ္ပဏီ၏ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကိုလည်း ပိတ်သိမ်းမည်ဖြစ်သည်။