၂၅. ၁၀. ၂၀၂၂
Written by Nay Moe
KIO ၏ ၆၂ နှစ်မြောက်အကြိုနေ့တွင် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KIO က ကြေညာချက်အား ယနေ့ထုတ်ပြန်ရာ တပ်မတော်က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည့် အဆိုပါစခန်းအား တိုက်ခိုက်ရသည့်အချက်များနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။
တပ်မတော်၏ အောက်တိုဘာ ၂၄ ရက်ထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအတိအကျမှာ KIA တပ်မဟာ(၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ၎င်းနေရာအား Google Map တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကာ ပြည်သူများနေထိုင်ခြင်း သို့မဟုတ် လက်နက်ကိုင် အဖွဲ့အစည်း နေထိုင်ခြင်းတို့ကို ခွဲခြားကြည့်ရှုနိုင်ကြောင်း၊ အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော နေရာဖြစ်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေတစ်ခုဖြစ်ကြောင်း၊ အထက်ပါ KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင်ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့တရားဝင် အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့ရသည်ဟူသော ထုတ်ပြန်ချက်သည် ကောလာဟလသာဖြစ်ပြီး အတည်ပြုနိုင်သော မြေပြင်သတင်းများနှင့် လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
KIO ၏ ထုတ်ပြန်ချက်တွင် အနန်းပါသည် KIA တပ်စခန်းမဟုတ်ဘဲ စျေးဆိုင်တန်းစခန်းငယ်ဖြစ်ကြောင်း၊ အရပ်သားပြည်သူများ ပူးပေါင်း၍ ၆၂ နှစ်ပြည့် KIO နှစ်ပတ်လည်ကြိုဆိုနေစဥ် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲတွင် စစ်လေယာဥ်သုံးစီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ အရပ်သားပြည်သူများနှင့် KIO အမှုထမ်းများ မြောက်များစွာ ထိခိုက်သေဆုံးကာ ပြည်သူများစွာ ဝမ်းနည်းကြေကွဲထိတ်လန့်ခဲ့ရကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ထိုသို့ သေဆုံးရသည့်အရေအတွက် အတိအကျအား ဖော်ပြထားမှုမရှိသည့်အပြင် အနုပညာရှင်များသေဆုံးမှုတွင်လည်း မည်သည့်အနုပညာရှင်များသေဆုံးသည်ဆိုခြင်းကိုမူ နာမည်ဖော်ပြထားခြင်းမရှိချေ။ သို့သော် အဆိုပါဖြစ်စဥ်တွင် အသက်ဆုံးရှုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့်အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အရပ်သားပြည်သူများအတွက် များစွာစိတ်မကောင်းဝမ်းနည်းဖြစ်ရသည်ဟုမူ KIO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးရသည့်ဖြစ်ရပ်အတွက် ဝမ်းနည်းသူများ၊ သဝဏ်လွှာပို့သူများကို ကျေးဇူးတင်ကြောင်းနှင့် အဆိုပါဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။