၈. ၇. ၂၀၂၃
Written By Thandar
The Teacher ဇာတ်ကားမှာ သိင်္ဂီနွယ် ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် အိမ့်ဂျူရီမွန်ရဲ့မွေးနေ့ အလှူကို ဇူလိုင် ၈ ရက် နံနက် ၁၁နာရီမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
“မျက်မမြင်ကျောင်းမှာ ပထမဦးဆုံးလှူဒါန်းဖြစ်တာပါ။ အရင်ကတော့ မွေးနေ့ဆို ဘုန်းကြီးကျောင်းတွေမှာပဲ လှူဖြစ်တယ်။ကလေးတွေကို စမြင်မြင်ချင်းတော့ စိတ်မကောင်းဖြစ်မိတယ်။ ကလေးတွေ မျက်လုံးအလင်းမရှိပေမဲ့ ဘဝကို အရှုံးမပေးဖို့ ခွန်အားပေးစကား ပြောဖြစ်ပါတယ်။ ခုလိုမွေးနေ့မှာ လှူဒါန်းရလို့လည်း ပီတိဖြစ်ရပါတယ်။ ညီမရဲ့ဒီမွေးနေ့မှာ မျက်ကြည်လွှာလှူဒါန်းသွားဖို့လည်း ရှိပါတယ်”လို့ သရုပ်ဆောင် အိမ့်ဂျူရီမွန်က ပြောပါတယ်။
အဆိုပါ ကျောင်းမှာ မျက်မမြင်ကလေး ၁၁၅ ယောက် ရှိပြီး ဝန်ထမ်း ၇၇ ယောက်ရှိကာ သူတို့ကို မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိမ့်ဂျူရီမွန်က နေ့လည်စာကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ မွေးနေ့အမှတ်တရအဖြစ် မျက်မမြင်ကျောင်းမှာ တေးသီချင်းတွေ သီဆိုဖျော်ဖြေပြီး အမှတ်တရစကားတွေလည်း ပြောခဲ့ပါတယ်။
သူမကတော့ အနုပညာလောကကို ကျောင်းဆရာမတစ်ယောက်ဘဝကနေ ရောက်ရှိလာပြီး လက်ရှိမှာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေလျက်ရှိပါတယ်။