၈. ၇. ၂၀၂၃
Written by Pan Ei
ပွဲတွေမှာပဲဖြစ်ဖြစ်၊ စင်ပေါ်မှာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ် တောင်ကိုရီးယားအမျိုးသမီးအဆိုရှင်အဖွဲ့ Blackpink အဖွဲ့ဝင် Jennie ရဲ့ ဝတ်စားဆင်ယင်မှုတွေက သူမရဲ့ ယုံကြည်ချက်ရှိတဲ့ အသွင်အပြင်ကို ဖော်ပြနေတာကြောင့် တစ်မျိုးတစ်ဖုံပိုပြီး ဆွဲဆောင်မှုရှိနေတယ်ဆိုတာကတော့ ငြင်းလို့ရမယ် မထင်ပါဘူး။ ဒါပေမဲ့လည်း သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဝတ်စားဆင်ယင်မှုနဲ့ အသွင်အပြင်ပုံစံတွေကို နှစ်သက်ကြတဲ့သူတွေရှိသလို ဝေဖန်နေကြတဲ့ သူတွေလည်း ရှိနေပါတယ်။
Jennie ပါဝင်ရိုက်ကူးထားတဲ့ အသက်အရွယ်ကန့်သတ်ထားပြီး အနောက်နိုင်ငံက လူနေမှုဘဝတွေနဲ့ အခြေခံရိုက်ကူးထားတဲ့ “The Idol” စီးရီးကို မကြာသေးမီက ထုတ်လွှင့်ပြီးစီးခဲ့တာဖြစ်ကာ ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံတချို့ကို စီးရီးထဲမှာပါဝင်တဲ့ အဆိုတော် Troye Sivan က အင်စတာဂရမ်ကနေတစ်ဆင့် မျှဝေခဲ့တာဖြစ်ပြီး Jennie ရဲ့ ပုံရိပ်တချို့လည်း ပါဝင်ခဲ့တာပါ။
Troye Sivan တင်ခဲ့တဲ့ပုံတွေထဲမှာ ဆက်စီအကဇာတ်ဝင်ခန်းအတွက် မင်းသမီး Lily-Rose Depp နဲ့ Jennie တို့ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားနဲ့ ဓာတ်ပုံဟာ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပြီး အကောင်းအဆိုး ရောထွေးနေတဲ့ မှတ်ချက်နဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။
ဆင်တူပုံစံဝတ်ဆင်ထားခဲ့တဲ့ မင်းသမီး Lily-Rose Depp ကိုတော့ ဝေဖန်တဲ့သူ နည်းပါးခဲ့ပေမဲ့ Jennie ကိုတော့ အသားဖော်လွန်းတယ်လို့ဆိုကာ ဝေဖန်တဲ့သူတွေရှိသလို တချို့ကလည်း သူမရဲ့ ယုံကြည်မှုကို ရှုတ်ချကြပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှတ်ချက်ပေးခဲ့ကြတာပါ။
ဒါပေမဲ့ အမာခံပရိသတ်ကတော့ Jennie ရဲ့ အလှကို ချီးမွမ်းကြကာ သူမရဲ့ ယုံကြည်ချက်ရှိမှုတွေ၊ အမိုက်စားစတိုင်တွေအတွက် ချီးကျူးခဲ့ကြပြီး သူမဘက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ်။
Ref; Koreaboo