၈. ၇. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်း စက်ရုံဝန်းအတွင်းမှာ ဒီကနေ့ မနက်အစောပိုင်းက တွဲကားတစ်စီးကြိတ်မိကာ လူသေဆုံးတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာ အခြေစိုက် AYT Recuse မှ ဥက္ကဋ္ဌ က MT Newsကို ပြောပါတယ်။
ဖြစ်စဥ်က ကုန်ကားလိုက်သူ ယာဥ်နောက်လိုက်က မနက်အစောပိုင်းမှာ နေ့စဥ် လုပ်နေကြတာဝန်ဖြစ်တဲ့ ကားစက်နှိုးကြည့်ခြင်း၊ ကားဘီးများလေရှိမရှိ၊ လေပေါင်ပြည့်မပြည့် စစ်ဆေးခြင်း၊ ကားအောက်ပိုင်း ကြံ့ခိုင်မှုတွေ စစ်ဆေးနေစဥ်မှာ ဂီယာဝင်နေစဉ် ကားအောက်ထဲဝင်မိတဲ့အတွက် ကားကြိတ်ခံရတာလို့ သိရပါတယ်။
AYT rescue အသင်းမှ ဥက္ကဋ္ဌ က “ကားကြိတ်ခံရတဲ့ အမျိုးသားကအသက် ၄၀ ဝန်းကျင်ပဲ ရှိဦးမယ်။ သူတို့က ညဘက်ဆိုစက်ရုံဝင်းထဲ ကားထိုးအိပ်၊ မနက်အစောကုန်တင်ပြီး ပြန်ထွက်ကြတာ။ ယာဥ်နောက်လိုက်ဖြစ်သူက မနက်တိုင်း ကားအင်ဂျင်ပိုင်းမှအစ ဘော်ဒီအဆုံး အကုန်စစ်ဆေးနေကြ။ ကားပေါ်မှာ ဘယ်သူမှမရှိဘူး။ သူကပဲ စက်နှိုးထားခဲ့ပြီး ကားအောက်ဆင်းစစ်ဆေးတာ ရင်ဘတ်ကနေ ခါးအောက်ပိုင်း ကားကြိတ်ခံရတာမို့ ဗိုက်ပေါက် အူထွက် ဒဏ်ရာတွေ ရသွားတယ် မိသားစုနဲ့အတူ သွားရောက်ကူ ညီဆောင်ရွက်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးအပြီး လှိုင်သာယာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။