၈. ၇. ၂၀၂၃
Written by Ye Kyaw
ပြီးခဲ့သည့်ဇွန်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်သန်းကျော်ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ခုတည်း၌သာ ဝင်ရောက်ခဲ့၍ အခြားကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့်ခရီးသွား၊ သတ္တုတွင်းထွက်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုဇုန်ဖော်ဆောင်မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းစသည့် ကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိကခွင့်ပြုပေးခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဇွန်လတစ်လအတွင်း အခြားသောကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုနိုင်ခဲ့ခြင်းမရှိဘဲ ကုန်ထုတ်လုပ်မှုကဏ္ဍ၌သာ ဒေါ်လာ ၆ ဒသမ ၂၉ သန်းအထိ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အာဆီယံဒေသအတွင်း ကုန်ထုတ်လုပ်မှု၌ မြန်မာနိုင်ငံက ၃၂ လအတွင်း အတိုးတက်ဆုံးအဖြစ် ထိပ်ဆုံးနေရာမှ ဦးဆောင်နိုင်ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်သည့် PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ဖော်ပြခဲ့သည်။
“ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနောက်ခံများအကြားမှာ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍဟာ ဇွန်လမှာ ရှေ့ဆက် တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရလာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့တယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီနှင့်မေလ နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်သာ ဝင်ရောက်ထားခဲ့ပြီး ဇွန်လအတွင်းမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်သန်းကျော်အထိ ဝင်ရောက်ခဲ့မှုကြောင့် လက်ရှိဘဏ္ဍာနှစ်၏ ပထမသုံးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၀၃၆ သန်းအထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။