၈. ၇. ၂၀၂၃
Written by Pan Ei
ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ လူပေါင်း ၂၇၅ ဦး သေဆုံးခဲ့တဲ့ ရထားတိုက်မှုအတွက် မီးရထားအရာရှိ သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က သောကြာနေ့ (ဇူလိုင် ၇ ရက်) က ပြောကြားခဲ့ပြီး အဆိုပါ ရထားတိုက်မှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံး ရထားမတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်အတွင်း ဇွန်လ ၂ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီခန့်မှာ ဘန်ဂါလိုမြို့မှ အနောက်ဘင်္ဂလားပြည်နယ်၊ ဟောင်ရာမြို့ကိုခုတ်မောင်းလာတဲ့ Howrah Superfast Express အမြန်ရထားနဲ့ ကိုလ်ကတ္တားမြို့မှ ချင်းနိုင်မြို့ကိုခုတ်မောင်းလာတဲ့ Coromandel Express အမြန်ရထားတို့ တိုက်မိခဲ့တာဖြစ်ပြီး လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ရကာ အနည်းဆုံး လူ ၈၅၀ ဦး ဒဏ်ရာရခဲ့တာပါ။
အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားတွေဟာ လမ်းအချက်ပြအင်ဂျင်နီယာနှစ်ဦးနဲ့ အိန္ဒိယမီးရထားလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ နည်းပညာရှင်တစ်ဦးဖြစ်တယ်လို့ သိရပြီး အဲ့ဒီ မီးရထားဝန်ထမ်းသုံးဦးကို လူသေစေမှု၊ သက်သေအထောက်အထား ဖျက်ဆီးမှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့စတုတ္ထအကြီးဆုံး ရထားလမ်းကွန်ရက်ဖြစ်တဲ့ အိန္ဒိယမီးရထားလိုင်းဟာ ကီလိုမီတာ ၆၄,၀၀၀ ကျော် ရှည်လျားတဲ့ ရထားလမ်းတွေပေါ်မှာ စက်ခေါင်းပေါင်း ၈,၀၀၀ ကျော်နဲ့ နေ့စဉ် ရထားပေါင်း ၁၄,၀၀၀ ခန့် ပြေးဆွဲလျက်ရှိပါတယ်။
Ref; CNA