၈. ၇. ၂၀၂၃
Written by Hey Mar
နေပြည်တော်-မန္တလေးအမြန်လမ်းမှာ ယာဉ်ငယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး သံဘယ်ရီယာတုံးများကို ဝင်တိုက်မိပြီး လူတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ရမှုတစ်ရပ် ဒီကနေ့ ဇူလိုင်လ ၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မတော်တဆဖြစ်ပွားခဲ့တဲ့ယာဥ်မှာ Honda ODYSSEY အမျိုးအစား အဖြူရောင်ယာဉ်ဖြစ်ပြီး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၀၅/၃) နှင့် (၃၀၅/၄) အကြားမှာ ဖြစ်ပွားခဲ့တာပါ။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနဲ့ ကလေးတစ်ဦး စုစုပေါင်း (၁၀) ဦးအနက် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးနဲ့ ကလေး တစ်ဦး စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့တယ်လို့ သိရပါတယ်။
ပျက်စီးနေတဲ့ ကားအတွင်းက လူနာတွေနဲ့ ရုပ်အလောင်းကို အမြန်လမ်းလူနာတင်ယာဉ် (သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ ဖုံး-၁၉၂)နဲ့ မိတ္ထီလာဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။