◾ ခိုင်မာသည့်အထောက်အထားမရှိက မျှတသည့်တရားစီရင်မှုမဖြစ်နိုင်ဟု ဆို
၇. ၇. ၂၀၂၃
Translated by Htwe Ko Tun
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(အိုင်စီစီ) ၏ ရှေ့နေချုပ်ဖြစ်သော ကာရင်ခန်းက ဘင်္ဂါလီအရေးအတွက် တရားရုံးတွင် စီရင်မှုပြုနိုင်ရန် အားထုတ်ချက်များက အရှိန်အဟုန်ရလာပြီဖြစ်ကြောင်းနှင့် ကမ္ဘာကလည်း ဖြစ်ပွားနေသော အကျပ်အတည်းကို ဘေးရှောင်နေမည်မဟုတ်ကြောင်း ဇူလိုင်လ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
ကာရင်ခန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒေသရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ ၎င်းတို့၏ပြောကြားချက်များကိုနားထောင်ရန် လေးရက်ကြာသွားရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် စုစုပေါင်း ဘင်္ဂါလီ ဒုက္ခသည် ၇၀၀,၀၀၀ ကျော် ရှိသည်ဟုဆိုပြီး ၎င်းတို့အားလုံးက NLD အစိုးရကာလ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံမှထွက်ပြေးလာသော မြန်မာနိုင်ငံသားများဟု အနောက်နိုင်ငံများ၊ အိုအိုင်စီနှင့်အိုင်စီစီတို့က စွပ်စွဲထားသည်။ သို့သော် မြန်မာပြည်သူအများစုနှင့်မြန်မာအစိုးရအဆက်ဆက်ကလည်း ဘင်္ဂါလီတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်မှ ခိုးဝင်ရောက်လာနေသူများ အဖြစ်သာ ပြောကြားလျက်ရှိကြသည်။
ကာရင်ခန်း က “ဘင်္ဂါလီစခန်းတွေကို သွားကြည့်ရတာ စိတ်ထိခိုက်ဖို့ကောင်းပါတယ်” ဟုဆိုခဲ့သည်။
NLD အစိုးရကာလ ၂၀၁၉ ခုနှစ်တွင် အိုင်စီစီ၏ တရားသူကြီးများက ဘင်္ဂါလီလူမျိုးတို့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက် ခိုက်ခံရမှုများအပေါ်မြန်မာအာဏာပိုင်များက ကျူးလွန်ခဲ့သော အကြမ်းဖက်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးမှု အပြည့်အဝပြုသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ဘင်္ဂါလီလူမျိုးများကို အဓမ္မပြုကျင့်မှု၊ မျိုးတုံးသတ်ဖြတ်မှု၊ ညှင်းဆဲမှုများ၊ မီးရှို့သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုအမျိုးမျိုးကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားမှုများမှာလည်း အထောက်အထားအခိုင်အလုံ မဖော်ပြနိုင်ခဲ့ပေ။
ထို့ကြောင့်လည်း ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာ့တပ်မတော်ခေါင်းဆောင်များအား ၎င်းတို့အားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှုနှင့်အရေးယူစေလိုသော်လည်း ခြောက်နှစ်ကြာလာသည့်တိုင် မည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုနိုင်သည်ကို တွေ့ရပေသည်။
အချို့သောသတင်းထောက်များက မြန်မာနိုင်ငံတွင် အရပ်သားများကိုသတ်ဖြတ်နေသည်ဟု ပြောကြားချက်များအပေါ် အိုင်စီစီမှ အရေးယူမှုပြုသွားနိုင်မည်လားဆိုသည့်မေးခွန်းအား ကာရင်ခန်းက အိုင်စီစီ အနေဖြင့် တရားစီရင်မှုသာပြုလုပ်နိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံက အိုင်စီစီ အဖွဲ့ဝင်နိုင်ငံမဟုတ်ပါကြောင်း၊ အိုင်စီစီအနေဖြင့်ကျယ်ပြန့်ခိုင်မာသော အထောက်အ ထားသက်သေများရှိရန်လည်းလိုပါကြောင်းပြောခဲ့သည်။
၎င်းက “တစ်ခုတော့သေချာတယ်။ ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့အထောက်အထား မစုဆောင်းနိုင်ရင် ရှိတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ပိုင်းခြားစိတ်ဖြာမှုမပြုနိုင်ရင် ဘယ်ဟာက သက်သေခံနိုင်မလဲ။ ဘယ်ဟာကအပြစ်မရှိဘူးလဲ စစ်ဆေးခြင်းမပြုနိုင်ရင်တော့ ဘယ်လိုမျှတတဲ့ တရားစီရင်မှုကိုရနိုင်ပါတော့မလဲ” ဟုပြောခဲ့သည်။
Ref-CNN