၇. ၇. ၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (PDEA) က နိုင်ငံအတွင်း နာကျင်မှုကို သက်သာစေရန်အသုံးပြုရသည့် Fentanyl ဆေးဝါးများကို စိတ်လက်အပန်းပြေစေရန်သဘောဖြင့် နိုင်ငံအတွင်း သုံးစွဲနေကြခြင်းအပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး ၎င်းက အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုး များလည်းဖြစ်စေနိုင်ကြောင်း သိရသည်။
Fentanyl ဆေးဝါးများက ကင်ဆာလူနာများအား ကုသရန်အတွက် အထူး အသုံးပြုကြသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံအတွင်း ၎င်းဆေးဝါးများကို စိတ်လက်အပန်းပြေစေသည့် မူးယစ်ဆေးဝါးများအဖြစ် သုံးစွဲနေကြရာ ကျန်းမာရေးအား အကြီးအကျယ်ပျက်စီးစေသော ရလဒ်များဖြစ်ပေါ်နေစေကြောင်းလည်း သိရသည်။
နာကျင်မှုကိုသက်သာစေသည့် ဆေးအဖြစ်နှင့်ဆိုလျှင် Fentanyl ဆေးဝါးများက မော်ဖင်းဆေးများထက် အဆ ၁၀၀ စွမ်းရည်ထက်ကာ ဘိန်းဖြူထက်အဆ ၅၀ စွမ်းနိုင်ကြောင်းလည်း ဆေးပညာရှင်များက ပြောကြသည်။
အမေရိကန်ပြည်ထောင်စု၏ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေး ဗဟိုဌာနမှရရှိသော အချက်အလက်များအရလည်း ဖိလစ်ပိုင်နိုင်ငံအတွင်း Fentanyl ဆေးဝါးများကို အလွန်အကျွံ မှားယွင်းစွာ သောက်သုံးနေကြမှုက ဆိုးရွားသောကျန်းမာရေးအခြေအနေတစ်ရပ်ကို ဦးတည်နေသည်ဟုဆိုသည်။ PDEA ညွှန်ကြားရေးမှူးချုပ် မိုရိုဗာဂျီလိုကလည်း Fentanyl ဆေးဝါးများ ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်မှုလမ်းကြောင်းများကို ခြေရာခံနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး သတင်းအချက်အလက်ရရှိရန် ပြည်ပနိုင်ငံများနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။
၎င်းက Fentanyl ဆေးဝါးများကို လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ မနီလာမြို့သို့ဝင်ရောက်လျက်ရှိပြီး မြို့အတွင်းတရားမဝင်မူးယစ်ဆေးများကဲ့သို့ ရောင်းချနေကြသည်ဟုဆိုသည်။ Fentanyl ဆေးဝါးများက ထုတ်လုပ်ရန်လွယ်ကူသည့်အပြင် မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်ရောင်းချသူများအဖို့လည်း သယ်ယူရန်လွယ်ကူပြီး အနည်းငယ်သုံးစွဲသည်နှင့် ထူးခြားသိသာသောအာနိသင်ကို ဖြစ်စေသဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ၎င်းဆေးကို တလွဲအသုံးပြုနေကြမှုများ တိုးတက်လာနေခြင်းဟုလည်း သိရသည်။
Ref—-Laotian Times