၇. ၇. ၂၀၂၃
Wrutten by Pan Ei
ထိုင်းနိုင်ငံ၊ ဘူရီရမ်မြို့၊ နွန်ဒေါင်ခရိုင်ရှိ ဆေးရုံတစ်ရုံမှာ သမားရိုးကျမဟုတ်တဲ့ ဧည့်ကြိုဝန်ထမ်းတစ်ဦးကို ခန့်အပ်ထားပြီး အဲ့ဒီဝန်ထမ်းကတော့ Bami လို့ အမည်ပေးထားတဲ့ တစ်နှစ်သားအရွယ် ခွေးမလေးတစ်ကောင်ဖြစ်ကာ ဆေးရုံလာတဲ့ ဧည့်သည်တွေကို ဧည့်ဝတ်ကျေပွန်ပြီး ဖော်ရွေတာကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးနေသလို လူအများရဲ့ ချီးကျူးတာကို ခံနေရပါတယ်။
တစ်နှစ်သားအရွယ် Pitbull မျိုးစပ်ခွေးအမျိုးအစားဖြစ်တဲ့ Bami ရဲ့ပိုင်ရှင် အသက် ၂၇ နှစ်အရွယ် Sirirat Duongnil ဆိုသူဟာ အဲ့ဒီဆေးရုံရဲ့ ကျန်းမာရေးသိပ္ပံအရာရှိဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမဟာ လုပ်ငန်းခွင်မှာ ခွေးမွေးဖို့ အစကတော့ မရည်ရွယ်ထားခဲ့ပေမဲ့ Bami မွေးဖွားပြီးတဲ့နောက်မှာ ခင်ပွန်းဖြစ်သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေတာကြောင့်နဲ့ သူမကို ပြုစုစောင့်ရှောက်ပေးမယ့်သူမရှိတာကြောင့် Bami ကို အလုပ်ဆီ ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အခြေအနေများစွာကြားထဲက အရာရာနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်ပြီး လူတိုင်းအတွက် နွေးထွေးမှုဖြစ်စေတဲ့ Bami ကို ဝန်ထမ်းနဲ့ ဒေသခံတွေက အစားအစာတွေ ပုံမှန်ကျွေးခဲ့ကြပြီး လူတိုင်းရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာကြောင့် Bami က ဆေးရုံရဲ့ ဧည့်ကြိုဝန်ထမ်း ဖြစ်လာခဲ့တာပါ။
အဲ့ဒီဆေးရုံကို ပုံမှန်သွားရောက်ကုသနေရတဲ့ အသက် ၇၁ နှစ်အရွယ် ဒေသခံတစ်ဦးကလည်း သူမကို Bami က ကြိုဆိုဖို့ အမြဲ အသင့်ဖြစ်နေတတ်ကြောင်းနဲ့ Bami ရဲ့ စိတ်နေစိတ်ထားဟာ လူတွေနဲ့ ရန်မလိုတတ်သလို အနှောင့်အယှက်လည်းမဖြစ်စေဘဲ နွေးထွေးမှုနဲ့ တက်ကြွမှုကိုပေးတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Bami က ဆေးရုံက လူနာတွေနဲ့ ဧည့်သည်တွေကို နွေးထွေးစွာကြိုဆိုတတ်တဲ့အပြင် ဆေးရုံဝင်းအတွင်းမှာ အဆိပ်ပြင်းမြွေတွေကိုပါ လိုက်ရှာတတ်တာကြောင့် ဆေးရုံလုံခြုံရေးအတွက်ပါ မရှိမဖြစ်အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ စွယ်စုံရ Bami ကို ဧည့်ကြိုရော လုံခြုံရေးဝန်ထမ်းအနေနဲ့ပါ ခန့်အပ်သင့်တယ်လို့ TikTok အသုံးပြုသူ တချို့က မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref; Thaiger