October 30, 2024

ဖမ်းဆီးရမိသော မစမ်လင်းဟွမ်နှင့် မမေရီတို့အား သက်သေခံပစ္စည်းများနှင့် တွေ့ရစဥ်

MT News

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၂၃၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များကို အမျိုးသမီးငယ် နှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၅ ရက် ညနေ ၄ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်းကြားတွင် မစမ်လင်းဟွမ်(ခ)နန်းဟန်နီ မောင်းနှင်ပြီး မမေရီ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၁၇၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် မစမ်လင်းဟွမ်(ခ)နန်းဟန်နီ (၂၁)နှစ်နှင့် မမေရီ(၂၅)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုတာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှုပြုလုပ်နေသကဲ့သို့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE( Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန့်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *