October 30, 2024

◾ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်လည်း UNESCO ၏ အကြောင်းကြားမှုအတိုင်း ပြန်လည်ရေးသားနေ

MT News

မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် UNESCO သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အစောဆုံးမြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်း (၃) မြို့ဖြစ်သော ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံခဲ့ရပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေးအတွက် Nomination Dossier (Complete) ကို ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ထောင်ပေါင်းများစွာသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO သို့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့သော်လည်း ပြန်လည်ပြည့်စုံအောင်ရေးသွင်းရမည့် အချက်အလက်အချို့ လိုအပ်နေကြောင်း အကြောင်းကြားလာသည့်အတွက် ပြန်လည်ရေးသား လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြာသည်။

ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း (၂၂၈၉) ခုကိုလည်း မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း (ပထမအကြိမ်) အဖြစ် ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၀ ဖြင့် သတ်မှတ်ခဲ့ပြီး ဖြစ်သလို မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ခေတ်နှင့်ညီအောင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *