November 1, 2024

၇. ၇. ၂၀၂၃
Translated by Htwe Ko Tun

တွစ်တာ(Twitter) လူမှုကွန်ရက်နှင့် ပုံစံတူသည်ဟုဆိုသော Threads အက်ပလီကေးရှင်းကို ပြိုင်ဘက် Meta ကုမ္ပဏီက ဇူလိုင်လ ၆ ရက်တွင် အွန်လိုင်းတွင် စတင်မိတ်ဆက်လွှင့်တင်ခဲ့ကြောင်း ကြေညာခဲ့သလို တွစ်တာကုမ္ပဏီကလည်း Meta အား ဥပဒေအရ တရားစွဲမည်ဟု ခြိမ်းခြောက်မှုပြုလုပ်လာကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်တွင် တွစ်တာကို ကိုယ်စားပြုသောရှေ့နေတစ်ဦးက Meta ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မာ့က် ဇူကာဘာ့ဂ်ထံ စာတစ်စောင်ပေးပို့ခဲ့ရာတွင် ယခင် တွစ်တာလူမှုကွန်ရက် အလုပ်သမားများကို ငှားရမ်းအသုံးပြုခြင်းဖြင့် တွစ်တာကုမ္ပဏီ၏ ကုန်သွယ်ရေးလျှို့ဝှက်ချက်ကို Meta က ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ထို့ပြင် အဆိုပါစာ၌ Meta ကုမ္ပဏီက တွစ်တာ၏ ကုန်သွယ်ရေးလျှို့ဝှက်ချက်များနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများကို တမင်သက်သက် ဥပဒေနှင့်မညီဘဲ အလွဲသုံးစားပြုခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲဖော်ပြထားသည်။ Meta က ငှားရမ်းခိုင်းစေခဲ့သော တွစ်တာ ဝန်ထမ်းဟောင်းများက တွစ်တာ၏ စာရွက်စာတမ်းများနှင့် အီလက်ထရောနစ်ကိရိယာများကို မရိုးမသားရယူထားကြပြီး အဆိုပါဝန်ထမ်းများဖြင့် Threads အက်ပလီကေးရှင်း လွှင့်တင်ရာတွင် ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားထားခဲ့သည်။

Meta ၏ပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုံးကမူ “Threads ရဲ့ အင်ဂျင်နီယာအဖွဲ့မှာ တွစ်တာ ဝန်ထမ်းဟောင်း တစ်ဦးမှ မပါပါဘူး” ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

Threads အက်ပလီကေးရှင်းက ဇူလိုင်လ ၆ ရက် တစ်ရက်ထဲ၌ပင် အသုံးပြုသူ သန်း ၃၀ ကျော်သည်အထိ လျင်မြန်စွာတိုးတက်လာခဲ့ရာ တွစ်တာအဖို့ ဤနှုန်းအတိုင်း ဆက်လက်တိုးတက်နေပါက ပြိုင်ဘက်တစ်ဦး ထပ်မံတိုးလာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်း တက္ကသိုလ်မှ ဥပဒေပါမောက္ခတစ်ဦးကမူ တွစ်တာက ဤကဲ့သို့တရားစွဲမည်ဟု Threads အား ခြိမ်းခြောက်ခြင်းက တရားစွဲမှုပြုရန်ထက် Meta အား လုပ်ငန်းနှေးကွေး၍ Threads အသုံးပြုမည့်သူ တိုးတက်မှုလည်း နှေးသွားစေရန် မဟာဗျူဟာမြောက်ဆောင်ရွက်ခြင်း တစ်စိတ်တစ်ပိုင်းဟုလည်း ပြောခဲ့သည်။

Ref—–KSL.com

Leave a Reply

Your email address will not be published. Required fields are marked *