၇. ၇. ၂၀၂၃
Written by Nyein Kyaw
လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်တွင် အိမ်စီးကားတစ်စီး တစ်ဖက်ယာဥ်ကြောသို့ အရှိန်လွန်ကာ ဖယ်ရီကားတစ်စီးအား ဝင်တိုက်မိ၍ လူသုံးဦးဒဏ်ရာရပြီး တစ်ဦးမှာ ခြေထောက်နှစ်ဖက်စလုံး ကျိုးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင် ၆ ရက် ည ၈ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၆) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ် အောက်ထိပ်မှတ်တိုင်အနီးတွင် အိမ်စီးကားတစ်စီးက အရှိန်လွန်မောင်းနှင်မှုကြောင့် တစ်ဖက်ယာဥ်ကြောရှိ ၁၄ ပေ CANTER အမျိုအစား ဖယ်ရီကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်ကြောင့် ဖယ်ရီကားတုံးလုံးတိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းညပ်နေသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်မှ ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မေတ္တာပါရမီလူမှု့ကူညီရေးအသင်းမှ သိရသည်။
“ဖယ်ရီကားဘက်က ကားတုံးလုံးလဲသွားတော့ ထုတ်မယ်ဆိုပြီး ထုတ်ကြည့်တာမရဘူး။ သူ့ရဲ့ ဘယ်ခြေထောက်ရယ် ညာခြေထောက်ရယ် နှစ်ချောင်းလုံးထိသွားတာ။ ဘယ်ပေါင်ကျိုးတယ်။ ညာခြေထောက် ခြေသလုံးကျိုးတယ်။ အိမ်စီးကားကတော့ လူနှစ်ဦးပါတယ်။ သူတို့ကတော့ မစိုးရိမ်ရ ဒဏ်ရာတွေပဲ ရရှိခဲ့ပါတယ်” ဟု မေတ္တာပါရမီလူမှု့ကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
အတိုက်ခံရသည့် ဖယ်ရီကားတွင် ယာဥ်မောင်းတစ်ဦးသာပါပြီး ဖယ်ရီပို့ပြီး ကားသိမ်းရန်ပြန်လာစဥ် အတိုက်ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါဖယ်ရီယာဥ်မောင်းသည် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့်နေရာအနီးရှိ အဆောင်တစ်ခုတွင် အဆောင်ငှားနေထိုင်သူဖြစ်ကြောင်း သိရသည်။