၇. ၇. ၂၀၂၃
Written By Thandar
အလှမယ်ပြိုင်ပွဲတွေကတစ်ဆင့် သရုပ်ဆောင်လောကထဲကို ရောက်လာတဲ့ ဆေးကျောင်းသူလေး ထွန်းပုလဲရတနာက “မင်္ဂလာရှိတဲ့ အိမ်ကလေး” ဇာတ်လမ်းတွဲမှာ အသည်းကွဲထားတဲ့ ကောင်မလေး တစ်ယောက်အဖြစ်နဲ့ ပရိသတ် တွေ့မြင်ရမယ်လို့ ဆိုပါတယ်။
“ပုလဲကတော့ မြတ်သီရိဆိုတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Family Drama ဇာတ်လမ်းလေးပါ။ မိဘဖြစ်တဲ့ အဖေက မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတဲ့ အရမ်းကို ဆိုးသွမ်းတဲ့မောင်နှမတွေရှိ တယ်။ ဖခင်ဖြစ်သူက ဆိုးသွမ်းတဲ့မောင်နှမတွေကို ပြန်ထိန်းကျောင်းရတယ်။ ဒီအပေါ်မှာဖြစ်လာတဲ့ Drama လေးလည်း ပါတယ်။ ပုလဲကို အသည်းကွဲထားတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့မြင်ရမယ်။ အသည်းကွဲထားတဲ့ ကောင်မလေးဆိုတော့ တော်ရုံနောက်အချစ်တစ်ခုကို လက်ခံဖို့က ခဲယဥ်းတယ်။ သူ့ရဲ့ အသည်းကွဲတဲ့ မုဒ်နဲ့ သရုပ်ဆောင်ထားတယ်။ ကိုယ့်ကို အရမ်းချစ်တဲ့ ကောင်လေးပေါ်လာတော့ ရင်ခုန်စိတ်လှုပ်ရှားပြီး ပြန်ချစ်သွားတယ်။ လက်ရှိ ပုလဲခံစားနေရတဲ့ မုဒ်နဲ့လည်း ကိုက်ညီနေတယ်လို့ ခံစားမိတယ်”လို့ သရုပ်ဆောင် ထွန်းပုလဲရတနာက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ညမွှေးပန်း ၊ ဇာတ်ညွှန်းကို ညမွှေးပန်းနဲ့ ငွေစင်သွန်းတို့ ရေးသားထားပြီး ဒါရိုက်တာ မောင်သော်တာက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီကျော်ရဲအောင် ၊ သူရိယ ၊ ညိမ်းသော် ၊ တေဇာလင်းရောင် ၊ နော်ဖောအယ်ထား ၊ ထွန်းပုလဲရတနာ ၊ ရွှေအင်ကြင်းအပြင် ဧည်သည့်သရုပ်ဆောင် လှမျိုးသဥ္ဇာနွယ် စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
ထွန်းပုလဲရတနာကို ဒီဇာတ်လမ်းတွဲမှာ သိပ်ချစ်တတ်တာကြောင့် အသည်းကွဲနေရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် သူဌေးသမီးလေးအနေနဲ့ ပရိသတ်မြင်တွေ့ရမှာဖြစ်ပြီး “မင်္ဂလာရှိတဲ့ အိမ်ကလေး” ဇာတ်လမ်းတွဲကို မကြာခင်မှာ Mahar Application ရုပ်သံလိုင်းကနေ ပြသတော့မှာပဲ ဖြစ်ပါတယ်။