November 1, 2024

၇. ၇. ၂၀၂၃
Written by Peya

နေပြည်တော်နှင့် ရန်ကုန်ရှိ ဘားနှင့် စားသောက်ဆိုင်များတွင် Unplugged တီးဝိုင်းမထည့်ရန် ညွှန်ကြားချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း MT News သတင်းဌာနက ကနဦးသတင်းများအရ စုံစမ်းသိရှိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ကာ စင်တင်တေးဂီတ ဖျော်ဖြေမှုများကို ပိတ်သိမ်းခိုင်းထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပိတ်သိမ်းခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းလည်း ကနဦး သိရပြီး နိုက်ကလပ်များမှာမူ ထိုရုတ်သိမ်းမှုတွင် မပါဝင်ဟုလည်း ဆိုသည်။

“ပြန်ရုတ်သိမ်းပေးလိုက်တယ်လို့ သိရတယ်။ ရုတ်သိမ်းပေးတယ်။ ဒါပေမယ့် Unplugged နဲ့ ပတ်သက်လို့ လိုင်စင်လို ပုံစံသွားမလား။ ဘယ်လို ဆက်လုပ်မလဲဆိုတာကို မသိရသေးဘူး။ ပြန်ပြီးတော့ ထည့်ခွင့် ပေးထားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုသို့ စားသောက်ဆိုင်များနှင့် ဘားများတွင် Unplugged များကို ရပ်ထားရန် ညွှန်ကြားသည်ကို သိရပြီးနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့်လည်း တီးဝိုင်းများ၏ စားဝတ်နေရေး ပြေလည်စေရန်အတွက် သိသိချင်း တာဝန်ရှိသူများကို ပြောကြားပေးခဲ့ကြောင်း အဆိုပါ အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သိသိချင်း ကျွန်တော်တို့လည်း ပြောတာပဲ။ ဂီတသမားတွေ လတ်တလောမှာ စားဝတ်နေရေး အဆင်ပြေဖို့က ဒီတစ်ခုပဲ ရှိတာလေ။ သိသိချင်း ပြောတယ်” ဟု ၎င်းက ဆိုသည်။

MT News သတင်းဌာနအနေဖြင့် အသေးစိတ်အချက်များ ဆက်လက်မေးမြန်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *