၇. ၇. ၂၀၂၃
Written by Nay Moe
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ တံတားတစ်စင်း ယမန်နေ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး ထိုသို့ဖျက်ဆီးသည့်အဖွဲ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဖြစ်ကြောင်းလည်း စုံစမ်း သိရသည်။
လေးဖာတောတံတားဟု ဒေသခံများခေါ်ဆိုသည့် အဆိုပါ တံတားသည် ကျိုက်ထီးရိုး-ကင်မွန်းစခန်းတောင်တက်လမ်းပိုင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၆ရက် မွန်းလွဲ ၃ နာရီခန့်တွင် KNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖျက်ဆီးမှုကြောင့် တံတားမှာ ကားသွားလာမရအောင် လုံးဝနီးပါးပျက်စီးသွားခဲ့သည်ဟု သိရသည်။
“သိရတာကတော့ KNLA နဲ့ PDF လက်နက်ကိုင်တွေပဲ။ နေ့လယ်ဘက်လာပြီး မိုင်းခွဲပြီးပြန်သွားတာ။ အခုတောင်ပေါ်မှာ ကားတွေကျန်နေတာ ပြန်ဆင်းလာလို့မရဘူးဖြစ်နေတယ်။ လူတွေကတော့ တောလမ်းတွေက သွားလို့ရတော့ ပြသနာမရှိပေမဲ့ အချိန်ကြာတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတံတားသည် ပေ ၇၀ ခန့်ရှည်ပြီး အကျယ် ၁၄ ပေခန့်ရှိကာ တံတားမှာ ၆ ပေကျော်အပေါက်ကြီး ဖြစ်သွားသည့်အပြင် ပြန်လည်အသစ်တည်ဆောက်ရမည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။
MT News သတင်းဌာန၏ စုံစမ်းမှုအရ အဆိုပါတံတားကို မိုင်းခွဲသည့်အဖွဲ့မှာ KNLA နှင့် PDF ပူးပေါင်းအဖွဲ့ဖြစ်ပြီး KNLA က တပ်မှူးတစ်ဦးကလည်း ထိုတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်မှာ မှန်ကန်ကြောင်း NUG, PDF ထောက်ခံသည့် မီဒီယာများသို့ ဖြေဆိုထားသည်ကို တွေ့ရသည်။
ကျိုက်ထီးရိုးဘုရားသည် KNLA နှင့် PDF များက မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေသည့် နေရာဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာ ၁၂ ရက်ကလည်း ယခင် NLD ဝန်ကြီးချုပ်ဟောင်း၏ လူယုံ သထုံခရိုင် PDF အဖွဲမှ တာဝန်ခံအေးမင်းထွန်းဦးဆောင်ပြီး KNLA အဖွဲ့နှင့် လာရောက်တိုက်ခိုက်မှုကြောင့် ဘုရားဖူးအမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦးသေဆုံးကာ ရဲတပ်သား ၁ ဦး၊အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးသေဆုံးခဲ့ပြီး ထိုဖြစ်စဥ်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စိစစ်အရေးယူမည်ဟု မီဒီယာများကို ဖြေခဲ့သော်လည်း အမှန်တကယ်အရေးယူမှုမရှိခဲ့ချေ။
ထို့အတူ ပြီးခဲ့သည့် ဇွန် ၂၉ ရက်ကလည်း ရန်ကုန်- မော်လမြိုင်- မြဝတီကုန်သွယ်ရေးအတွက် အရေးပါသော မွန်ပြည်နယ်ကျုံအိတ်တံတားကို KNLA နှင့် PDF များက မိုင်းခွဲဖျက်ဆီးခဲ့ပြီး လာရောက်ပြုပြင်သူများကို Drone ဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် လမ်းကူးရန်စောင့်ဆိုင်းနေသည့် ပြည်သူသုံးဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ပြီး လုံခြုံရေးတာဝန်ရှိသူအချို့လည်း ဒဏ်ရာရမှုဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။