၇. ၇. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ ဝစ်ကွန်ဆင်ပြည်နယ်၊ ခရန်ဒွန်မြို့မှာ မကြာသေးမီက ကျင်းပခဲ့တဲ့ သစ်တောခရိုင်ပွဲတော်မှာ ရိုလာကိုစတာတစ်စီးဟာ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး စီးနင်းခဲ့ကြသူ ရှစ်ဦးဟာ လေးနာရီလောက် ဇောက်ထိုးအနေအထားနဲ့ နေခဲ့ရတယ်လို့ သိရပါတယ်။
စီးနင်းသူတွေအားလုံးကို မြေကြီးပေါ် ပြန်လည်ရောက်ရှိစေဖို့ မီးသတ်သမားတွေက လှေကားထရပ်ကားတွေသုံးကာ ဝိုင်းဝန်း ကယ်ဆယ်ခဲ့ကြပြီး ဖြစ်စဉ်အကြောင်းရင်းအတိအကျကို စုံစမ်းခဲ့ကြပေမဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်တယ်လို့ မီးသတ်ဌာနရဲ့အဆိုအရ သိရပါတယ်။
စီးနင်းသူအားလုံး ဘေးကင်းစွာ ဆင်းသက်နိုင်ဖို့ ကြိုးပမ်းခဲ့တာ အချိန် ၄ နာရီနီးပါး ကြာမြင့်ခဲ့တာဖြစ်ပြီး မြေပြင်ပေါ် ရောက်ရှိချိန်မှာတော့ ရှစ်ဦးအနက် တစ်ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဝေဟင်ထဲမှာ ဇောက်ထိုးစောင့်ဆိုင်းနေတဲ့ ခရီးသည်တွေကို ကယ်ဆယ်ရေးသမားတွေက လှေကားတွေနဲ့ ကယ်ဆယ်နေကြတာကို တွေ့မြင်ရပြီး ပျော်စရာအဖြစ်ကနေ စွန့်စားမှုတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ရတဲ့ အဖြစ်ကြောင့် စီးနင်းခဲ့ကြသူတွေ ထိတ်လန့်နေခဲ့ကြရမှာတော့ အသေအချာပါပဲ။
Ref; CNN