၇. ၇. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရယူနိုင်ရန်အတွက် အဓိကအကျဆုံးအချက်သည် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများအပေါ် မူတည်နေပြီး ပြည်သူ့အကျိုးစီးပွားအတွက် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန် အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်လိုသောစိတ်ဆန္ဒရှိရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်က ပြောသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင် ၅ ရက်နေ့က ကျင်းပသော စင်ကာပူလွတ်တော်တွင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် Dennis Tan Lip Fong ၏ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက” အာဆီယံသဘောတူညီချက်ငါးချက်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့ရည်တည်ချက်တွေထဲမှာ အခြေခံအကျဆုံးအချက်အဖြစ်ဆက်ရှိနေတယ်။ ကုလသမဂ္ဂအပါအဝင် အာဆီယံရဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်အောင် စီစဉ်ဆောင်ရွက်နိုင်ဖို့နဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကိုင်ဆွဲနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေပါဝင်ရမှာဖြစ်တယ်။ စင်ကာပူနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက်ကို လျင်မြန်စွာအကောင်ထည်ဖော်နိုင်ဖို့နဲ့ အကြမ်းဖက်မှုများ လျှော့ချနိုင်အောင် တပ်မတော်ကို ဖိအားပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်သလို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ဆောင်ရွက်ချက်တွေကို အားပေးထောက်ခံသွားမှာပါ” ဟု ပြောသည်။
စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန် အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အခိုင်အမာ ထောက်ခံကြောင်း၊ မိုခါမုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများအတွက်
အမေရိကန်ဒေါ်လာ ၁ သန်း ကူညီထောက်ပံ့ပေးထားကြောင်း၊ မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ပိုမိုကောင်းမွန်သောအကဲဖြတ်ချက်ကို အခြေခံပြီး လူသားချင်းဆိုင်ရာစာနာမှုအကူညီများ နောက်ထပ်ကူညီပေးရန်အဆင့်သင့်ရှိနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။